လူ့အခွင့်အရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းဖို့ အဖွဲ့အစည်း ၂၀ တိုက်တွန်း

ဖြူဖြူခိုင်
2019-12-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး "အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ" ခေါင်းစဉ်နဲ့ ၂ဝ၁၉ ဒီဇင်ဘာ ၉ ရက်နေ့က သုံးသပ်ဆွေးနွေးကြစဉ်
အရပ်ဘက်အဖွဲ့အစည်းတွေက မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး "အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ" ခေါင်းစဉ်နဲ့ ၂ဝ၁၉ ဒီဇင်ဘာ ၉ ရက်နေ့က သုံးသပ်ဆွေးနွေးကြစဉ်
ဓါတ်ပုံ - ဖြူဖြူခိုင်/ RFA

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို လွတ်လပ်ပြီး ထိရောက်တဲ့ အဖွဲ့အစည်းဖြစ်လာစေဖို့အတွက် ပြင်ဆင်ဖွဲ့စည်းဖို့ အရပ်ဘက်အဖွဲ့အစည်း ၂၀ က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ကော်မရှင်ဟာ သတင်းထောက်တွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို လူသိရှင်ကြား ကာကွယ်ဆောင်ရွက်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေက ပြောလိုက်ပါတယ်။

ကချင်၊ ကရင်၊ ကယား၊ တအာင်း၊ မွန် စတဲ့ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းတွေအပြင် ရှေ့ပြေးအသံအဖွဲ့၊ ရန်ကုန်စောင့်ကြည့်ရေးအဖွဲ့၊ အသံ - လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ စတဲ့ အဖွဲ့အစည်း ၂၀ က စုပေါင်းအစီရင်ခံစာ ထုတ်ပြန်တာပါ။

ကော်မရှင်အဖွဲ့ဝင်တွေ ခန့်အပ်ရာမှာ ပွင့်လင်းမြင်သာတဲ့ လုပ်ငန်းစဉ်၊ တရားရေးလမ်းကြောင်းအတိုင်း လိုက်နာပြီး ရွေးချယ်ရေးဘုတ်အဖွဲ့ဝင်တွေကို လူအများသိအောင် ကြေညာပေးရမယ်လို့လည်း နိုင်ငံတော် သမ္မတကို အကြံပေးထားပါတယ်။

လက်ရှိ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၁၀ ဦးထဲမှာ အငြိမ်းစားသံအမတ်တွေ၊ တပ်မတော်က အငြိမ်းစား အရာရှိတွေ၊ တပ်မတော် အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေ အများစုပါဝင်နေတဲ့အတွက် ကော်မရှင်အနေနဲ့ တပ်မတော်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်စစ်ဆေးရာမှာ အခက်အခဲတွေ ရှိနိုင်တယ်လို့ အရပ်ဘက်အဖွဲ့တွေက သုံးသပ်ကြတာပါ။

လက်ရှိ ကော်မရှင် ဥပဒေအရ အဖွဲ့ဝင်တွေဟာ ငါးနှစ်သက်တမ်းဖြစ်ပေမယ့် နှစ်ကြိမ် တာဝန်ထမ်းဆောင်နိုင်တယ်လို့ ပါရှိတာကြောင့် လက်ရှိအဖွဲ့ဝင်တွေဟာ ဒုတိယသက်တမ်းကိုလည်း ထမ်းဆောင်ခွင့် ရှိနေပါသေးတယ်။

ဒါပေမဲ့ အရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ ကော်မရှင်ကို အဖွဲ့ဝင်အသစ်တွေနဲ့သာ ဖွဲ့စည်းလိုပြီး မြန်မာပြည် လူ့အခွင့်အရေး အခြေအနေကို နားလည်သူတွေ၊ လူ့အခွင့်အရေးကိစ္စတွေမှာ ထဲထဲဝင်ဝင် တက်ကြွဆောင်ရွက်နေသူတွေ၊ အစိုးရ၊ တပ်မတော် စတဲ့ အဖွဲ့အစည်းတွေနဲ့ ကင်းလွတ်သူတွေနဲ့သာ ဖွဲ့စည်းလိုကြတယ်လို့ ထောက်ပြခဲ့ကြတာဖြစ်ပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့