တရုတ်-မြန်မာ ရထားလမ်းစီမံကိန်း နေအိမ်တွေ ဖယ်ပေးရမှာ စိုးရိမ်

2019-10-10
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တရုတ်နိုင်ငံ ကူမင်းကနေ မန္တလေးအထိ အမြန်ရထားလမ်းဖောက်လုပ်တဲ့ စီမံကိန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲ ပုသိမ်ကြီးမြို့မှာ ၂၀၁၉ အောက်တိုဘာ ၁၀ ရက်နေ့ကကျင်းပစဉ်
တရုတ်နိုင်ငံ ကူမင်းကနေ မန္တလေးအထိ အမြန်ရထားလမ်းဖောက်လုပ်တဲ့ စီမံကိန်းကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုတွေ့ဆုံပွဲ ပုသိမ်ကြီးမြို့မှာ ၂၀၁၉ အောက်တိုဘာ ၁၀ ရက်နေ့ကကျင်းပစဉ်
Photo: Khaymani Win/RFA

အမေရိကန်ဒေါ်လာ ၈ ဘီလီယံခန့် အသုံးပြုမယ့် တရုတ်နိုင်ငံ ကူမင်း-မန္တလေး အမြန်ရထားလမ်း ဖောက်လုပ်ရာ စီမံကိန်းလမ်းတလျှောက်မှာ တည်ရှိနေတဲ့ ကျေးရွာတွေက နေအိမ်နဲ့ မြေယာတွေ  ဖယ်ရှားပေးရမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒီကနေ့ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာပြုလုပ်တဲ့  ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းဆိုင်ရာ လူထုဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ရွာသားတွေက အခုလိုထုတ်ဖော်ပြောဆိုကြတာပါ။ အမြန်ရထားလမ်းစီမံကိန်းဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ ပိုးခါးပတ်လမ်းမကြီး One Belt One Road စီမံကိန်းရဲ့ တစိတ်တဒေသဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် ရထားလမ်းဖောက်လုပ်ရာလမ်းတလျှောက်က ကျေးရွာတွေ၊ မြို့နယ်တွေကို သွားရောက်ပြီး အစိုးရတာဝန်ရှိသူတွေက လူထုတွေ့ဆုံပွဲလုပ်ပြီး ရှင်းပြနေတာဖြစ်ပါတယ်။phatheingyi-villager-350.JPG

တွေ့ဆုံပွဲကိုတက်ရောက်လာတဲ့ ပုသိမ်ကြီးမြို့နယ်က ဒေသခံ တစ်ယောက်က သူ့ရဲ့စိုးရိမ်မှုကို ပြောပြပါတယ်။

“စီမံကိန်းလုပ်ဖြစ်ရင် ဘယ်ဒေသတွေ ဘယ်လောက်ဆုံးရှုံး သွားမှာလဲ၊ တန်ဖိုးရှိတဲ့လယ်ယာ တော်တော်များများက ဒီထဲမှာပါသွားမယ်ထင်ပါတယ်"

အိမ်အနီးမှာ မိုင်တိုင်အမှတ် ရိုက်သွားတဲ့အတွက် ပုသိမ်ကြီးမြို့နယ်က ကိုကျော်သူကလည်း သူ့နေအိမ်စီမံကိန်းထဲပါသွားပြီး ဖယ်ရှားခံရမှာ ကို စိုးရိမ်နေသူတစ်ဦးပါ။

လူထုတွေ့ဆုံပွဲတွေလုပ်တဲ့အခါမှာလည်း ဒေသခံအများစုက ကာလပေါက်ဈေးနဲ့ မြေယာတွေကို ပေးလျော်ဖို့ အဓိကထားတောင်း ဆိုကြတာကို အစိုးရရဲ့ ကွင်းဆင်းစစ်တမ်းကောက်ယူမှု ရလဒ် ထုတ်ပြန်ချက်မှာ တွေ့ရှိရပါတယ်။

မြေယာအရေးနဲ့ ပတ်သက်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက မြေယာလျော်ကြေးကို ကော်မတီတွေရဲ့ ဆုံးဖြတ်ချက်နဲ့ပေးမယ်လို့ ပြောပါတယ်။

“ပုသိမ်ကြီးမြို့နယ်မှာ မြေယာလျော်ကြေးကော်မတီတွေရှိပါတယ်။ သူတို့ဆုံးဖြတ်ချက်နဲ့ ပေးလျော် မှာဖြစ်ပါတယ်"

လတ်တလောမှာ လေ့လာနေတဲ့ ဖြစ်နိုင်ခြေတွေကို တရုတ်ကုမ္ပဏီ CREE (China Railway Eryuan Engineering Group ) လတ်တလောဦးစီးဆောင်ရွက်နေပေမဲ့ လက်တွေ့အကောင်အထည်ဖော်ဆောင်တဲ့အခါ နိုင်ငံတကာ ကုမ္ပဏီတွေကို တင်ဒါခေါ်သွားမှာဖြစ်တယ်လို့ Ever Green Tech Environmental Service and Training ကုမ္ပဏီက အကြံပေး ဒေါက်တာကျော်စွာတင့် ကပြောပါတယ်။kyawswartint-350.JPG

“ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနဲ့ ဖြစ်နိုင်စွမ်းအစီရင်ခံစာကို သက်ဆိုင်ရာ နိုင်ငံတော်အစိုးရကိုတင်ပြမယ်။ အစိုးရကလည်း အချက်လက်တွေကိုကြည့်ပြီး လုပ်သင့် မလုပ်သင့် ဆုံးဖြတ်မယ်"

ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးကော်မတီက ခွင့်ပြုချက်နဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့က ပူးတွဲသဘောတူကော် မတီ ဖွဲ့စည်းခဲ့ပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်နေ တာဖြစ်ပါတယ်။

ဒီရထားလမ်းစီမံကိန်းအကောင်အထည်ပေါ်ရင်  မူဆယ်-မန္တလေးကို နေ့ချင်းပြန်သွားလို့ရမယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန (အထက်မြန်မာပြည်) က ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးလှိုင်က ပြောပါတယ်။

“မူဆယ်က နေ့ချင်းပြန်သွားလို့ရမယ်၊ အမြန်နှုန်းကလည်း တစ်နာရီ မိုင် ၁၀၀ လောက်သွားမှာ၊ ကားသမားတွေတော့ နည်းနည်းထိခိုက်မှုရှိမှာပေါ့”

လတ်တလောမှာတော့ မန္တလေး-လားရှိုးအထိသာ ရထားနဲ့သွားလာနိုင်တာဖြစ်သလို နောက်ထပ်အချိန် နှစ်နှစ်ခန့် အကြာမှာသာ ဒီစီမံကိန်းကိုအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်။)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့