အစိုးရကိုရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားဖို့ မဘသ(ဗဟို) တိုက်တွန်း

2019-06-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဗဟိုနှစ်ပတ်လည်ညီလာခံ အခမ်းအနားကို အင်းစိန်မြို့နယ် အောင်ဆန်းတောရကျောင်းမှာ ၂၀၁၉၊ ဇွန် ၁၇ ရက်နေ့က ကျင်းပစဉ်
ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း ဗဟိုနှစ်ပတ်လည်ညီလာခံ အခမ်းအနားကို အင်းစိန်မြို့နယ် အောင်ဆန်းတောရကျောင်းမှာ ၂၀၁၉၊ ဇွန် ၁၇ ရက်နေ့က ကျင်းပစဉ်
Photo: Htet Arkar/ RFA

လက်ရှိအစိုးရကို ရတဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားပစ်ဖို့ ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေကို ဒီကနေ့ပြုလုပ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးညီလာခံမှာ မဘသလို့ခေါ်တဲ့ ဗုဒ္ဓဓမ္မပရဟိတဖောင်ဒေးရှင်း က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ အောင်ဆန်းတောရတပ်ဦးကျောင်းနဲ့ မင်းဓမ္မလမ်းပေါ်က သီရိမင်္ဂလာမဟာသာသနဗိမာန်တို့မှာ ပြုလုပ်တဲ့ မဘသညီလာခံမှာ ကြေညာချက် ထုတ်ပြန်ပြီး အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဦးဝီရသူ ရဲ့ ဟောပြောချက်တွေဟာ အပြုသဘောပြောဆိုတာဖြစ်ကြောင်းနဲ့ ဦးဝီရသူကို ဓမ္မစက်နဲ့အရင်မလုပ်ဆောင်ဘဲ အစိုးရက ဝရမ်းထုတ်တာဟာ ဥပဒေမဲ့လုပ်ဆောင်တာဖြစ်ကြောင်းလည်း မဘသအဖွဲ့က ဆိုပါတယ်။

ရွေးကောက်ပွဲတွေမှာ သံဃာတော်တွေ မဲပေးခွင့်မရှိဖြစ်နေတာဟာ လူ့အခွင့်အရေး ၊ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးနေကြောင်းနဲ့ NLD အစိုးရကို ဆန္ဒမဲမပေးကြဖို့လည်း ပြည်သူတွေနဲ့ ရဟန်းသံဃာတော်တွေကို ဆက်လက်တိုက်တွန်းခဲ့ပါတယ်။

အစိုးရက ဧည့်စာရင်းဥပဒေ၊ နောက်ယောင်ခံစောင့်ကြည့်ရေးဥပဒေ၊ အရေးပေါ်စီမံချက်ဥပဒေတွေကို ဖျက်သိမ်းခဲ့တာတွေနဲ့ ဝံသာနုစိတ်ဓာတ်ကဗျာ၊ ဇာတိမာန်သီချင်းတွေကို ကျောင်းစာသင်ရိုးကနေ ပယ်ဖျက်ပစ်တာတွေကို ကန့်ကွက်ရှုတ်ချကြောင်း မဘသအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီ မဘသ ညီလာခံကို ဦးဆောင်ဆရာတော်တွေဖြစ်တဲ့ အင်းစိန်ရွာမကျောင်းတိုက်ဆရာတော် ဦးတိလောက၊ မြနန်းဆရာတော်၊ ဇွဲကပင်တောင်ဆရာတော် တို့အပါအဝင် သံဃာနဲ့ လူပုဂ္ဂိုလ် စုစုပေါင်း လေးထောင်ကျော် တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သတ်ပုံက ကျပ်ငွေသိန်း ၃၀၀ လှုဒါန်းခဲ့ပါတယ်။

အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ မဘသကို နိုင်ငံတော် သံဃမဟာနာယကနဲ့ သာသနာရေးဝန်ကြီးဌာနက ၂၀၁၇ ခုနှစ် မေလထဲက ဖျက်သိမ်းဖို့ တရားဝင်ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခနဲ့ ကိုထက်အာကာတို့ ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့