ဘဏ်လုပ်ငန်းအတွက် စိတ်ချယုံကြည်ကြဖို့ လုပ်ငန်းရှင်တွေ တိုက်တွန်း

2019-09-07
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရန်ကုန်မြို့က ပုဂ္ဂလိကဘဏ်လုပ်ငန်းခွင် မြင်ကွင်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့က ပုဂ္ဂလိကဘဏ်လုပ်ငန်းခွင် မြင်ကွင်းတစ်ခုကို တွေ့ရစဉ်
Photo: YE AUNG THU / AFP

ဘဏ်တွေမှာ မိမိတို့အပ်နှံထားတဲ့ငွေတွေကို လိုသလောက်ထုတ်ယူနိုင်ဖို့အတွက် ဘဏ်အားလုံးမှာ စီစဉ်ပေးထား ပြီးဖြစ်တာမို့ တစ်ခြားကောလာဟလတွေကို စိတ်ပူစရာမလိုဘူးလို့ မြန်မာနိုင်ငံဘဏ်များ အသင်းရဲ့ ဒု-ဥက္ကဋ္ဌ ဦးရဲမင်းဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၈ ရက်နေ့က ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်မှာ လွှတ်တော်အမတ် တစ်ဦးရဲ့မေးခွန်းကို လွှတ်တော်မှာလာရောက်ဖြေရှင်းရာမှာ ဗဟိုဘဏ်အနေနဲ့ တစ်ခြားဘဏ်တွေနဲ့  ညှိနှိုင်းမှုတွေထပ်မလုပ်တော့ဘူးဆိုတဲ့ စကားလုံးသုံးနှုန်းပြောဆိုခဲ့ပါတယ်။

မသမာတဲ့စီးပွားရေးသမားတွေက ဘဏ်လုပ်ငန်းပိုင်းမှာ နောက်ထပ်ဆိုးကျိုးတွေ ထပ်ဖြစ်လာနိုင်မယ်ဆိုပြီး ကောလာဟလသတင်းတွေပျံ့နှံ့ခဲ့လို့ စိုးရိမ်ထိတ်လန့်မှုတွေဖြစ်ခဲ့တာပါ။

လက်ရှိကာလမျိုးဟာ ဘဏ်တွေမှာငွေအလုံအလောက်ရှိတဲ့ ကာလဖြစ်တာမို့ ငွေလာချေးတိုင်း ပေးနိုင်တဲ့အခြေအနေမှာရှိတဲ့အတွက် ပြည်သူတွေကလည်း စိုးရိမ်စရာမလိုဘူးလို့ မြန်မာနိုင်ငံဘဏ်များ အသင်းရဲ့ ဒု-ဥက္ကဋ္ဌ ဦးရဲမင်းဦး က ပြောပါတယ်။

"ကောလာဟလကတော့ ဘဏ်တွေမှာ နှစ်စဉ်နှစ်တိုင်းဖြစ်နေတာပါ၊ တမင်ထုတ်တဲ့အဖွဲ့တွေလည်း ရှိနေမှာပေါ့၊ ရည်ရွယ်ချက်လည်း အမျိုးမျိုးရှိနိုင်ပါတယ်၊ တချို့ယုံတဲ့သူတွေက ဘဏ်တွေကနေ ပိုက်ဆံတွေထုတ်ပြီး တစ်ခြားဘဏ်တွေမှာ သွားထည့်ကြတယ်၊ တချို့ကလည်း ထုတ်ပြီးတစ်ခြားပစ္စည်း ဝယ်လိုက်တာတွေရှိတယ်၊ ဒီအချိန်မှာလည်း ကောလာဟလမျိုးစုံထွက်နေမှာပဲ၊ မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာ အသက်အရမ်းဝင်တဲ့အခါကျတော့ ဆိုရှယ်မီဒီယာမှာ ပြောနေကြတာတွေက အများကြီးပဲ၊ အဲဒီအပြင် ခုကျမှ ဘဏ်လုပ်ငန်းအကြောင်း ကျွမ်းကျင်တယ်ဆိုပြီး ထွက်ပြောနေကြတာတွေလည်း အများကြီး တွေ့ရတယ် အကောင့်တစ်ခု အုပ်စုတစ်စုကရေးတာတွေကို ယုံပြီးလိုက်မိတယ်ဆိုရင် နစ်နာဆုံးရှုံးမှု တွေဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ ပြောနိုင်တာသည် ဒီအချိန်မှာ ကောလယဟလတွေ ရည်ရွယ်ချက်မျိုးစုံနဲ့ ဖြန့်နေကြတာဖြစ်ပါတယ်၊ သူများပြောတိုင်း မယုံပါနဲ့ ဘဏ်တွေမှာသွားကြည့်ပါ၊ ငွေသွားထုတ်ပါ ငွေတွေ အလုံအလောက်ရှိပါတယ်၊ ပြီးရင်လည်း အဲဒီငွေတွေ ကျွန်တော်တို့ဆီမှာပဲ ပြန်လာထည့်ရမှာဖြစ်ပါတယ်၊ ငွေမထုတ်ဘဲနေရင်လည်း ဘဏ်တိုးရပါလိမ့်မယ်၊ ငွေကိုထုတ်ပြီးတော့ မဟုတ်တဲ့နေရာတွေမှာ သွားသုံးလိုက်မယ်ဆိုရင် ဆုံးရှုံးနစ်နာမှုတွေဖြစ်နိုင်ပါတယ်"

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှာ ထရီလီယံနဲ့ချီတဲ့ ငွေကြေးအလုံအလောက်ရှိတာမို့ စိုးရိမ်ပူပန်ဖို့မလိုကြောင်းလည်း ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးစိုးမင်းက လွှတ်တော်မှာ သတင်းမီဒီယာတွေကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကြောင့် တချို့တွေက ဘဏ်တွေမှာ သူတို့အပ်ထားတဲ့ငွေတွေကို ပြန်ထုတ်ပြီး တစ်ခြားစိတ်ချရတယ်လို့ ယူဆရတဲ့ဘဏ်တွေမှာ သွားအပ်နှံကြသလို တချို့လည်း ရွှေကိုဝယ်ထားလိုက်တာတွေ ရှိကြပါတယ်။

ကမ္ဘာ့ရွှေဈေးကလည်း မြင့်တက်နေချိန်ဖြစ်တာမို့ ပြည်တွင်းရွှေဈေးကွက်ဟာလည်း အမြင့်ဈေးမှာ ရောက်နေတဲ့အချိန်လည်းဖြစ်ပါတယ်။

ရွှေတစ်ကျပ်သား ကျပ် တစ်သိန်းနှစ်သောင်းငါးထောင်ကျော်ထိ မြင့်တက်ခဲ့ကာ တစ်ဒေါ်လာကိုလည်း ကျပ် ၁၅၄၀ ကျော်အထိ ဈေးမြင့်တက်ခဲ့ပါတယ်။

ဒါကို ဘဏ်တွေမှာ ငွေကြေးအခက်အခဲဖြစ်နေတယ်ဆိုပြီး ကောလာဟလသတင်းတွေကနေ ရွှေဈေး နိုင်ငံခြားငွေဈေးကွက်ကလည်း ကမောက်ကမဖြစ်သွားတယ်လို့ သတင်းလွှင့်နေကြတာလို့ စီးပွားရေး ပညာရှင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်က အခုလို သုံးသပ်ပြောပါတယ်။

"ကမ္ဘာ့ရွှေဈေးက ဒုတိယအကြိမ် အတက်ဆုံးပေါ့၊ ပထမအကြိမ်တက်တုန်းက တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၀၀ ကျော်ထိတက်သွားဖူးတယ်၊ ဒုတိယအကြိမ် ထူးထူးခြားခြား ၁၅၄၅ တက်သွားတယ်၊ မြန်မာက ကမ္ဘာ့ရွှေဈေးရယ် ဒေါ်လာဈေးရယ် နှစ်ခုကိုချိန်ထိုးပြီး ရွှေဈေးက ၁၂ သိန်းကျော်ထိ ဖြစ်ကုန်တာပေါ့၊ ဒေါ်လာဈေးကဘဏ်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌက လွှတ်တော်မှာ ပြောသွားတာကို၊ ပြဿနာဖြစ်စေတယ်ဆိုတဲ့ သဘောမျိုးနဲ့ အမှန်က မဖြစ်ပါဘူး၊ ဖန်တီးပြီးတော့ ကြားကဝင်ပြီး အမြတ်ထုတ်မယ့်သူတွေက ဒေါ်လာဈေးတက်အောင်လုပ်တယ်၊ ဘဏ်ကနေ ငွေထုတ်၊ ရွှေတွေဝယ်၊ အဲဒီလိုလူမျိုးတွေလုပ်တာကို ပြည်သူတွေ နားမယောင်ဖို့လိုတယ်"

လက်ရှိဗဟိုဘဏ်ကလည်း တာဝန်ယူတယ် တာဝန်ခံမှုရှိတယ်လို့ ဖြေရှင်းထားပြီးဖြစ်တာမို့ ဘဏ်လုပ်ငန်းတွေအပေါ်မှာ သံသယဖြစ်စရာမလိုဘူးလို့လည်း ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဦးဇော်လင်းထွတ်က ပြောပါတယ်။

"ဗဟိုဘဏ်ကလည်း ပြောထားပြီးသားလေ၊ ဘဏ်တွေရဲ့ကိစ္စနဲ့ပတ်သက်ပြီး အနီးကပ် ကြီးကြပ်နေတယ်၊ ဗဟိုဘဏ်သည် ရပ်တည်ပေးမယ်ဆိုပြီး သေချာပြောထားတယ်၊ အရင်ခေတ်တွေဆို ဒီလိုမျိုး သတင်းတွေ ထင်ရောင်ထင်မှားဖြစ်ရင် ဗဟိုဘဏ်က ချက်ခြင်းဈေးကွက်ကို လုပ်တာမျိုးမရှိဘူး၊ ဒီဖက်ခေတ်မှာတော့ ဗဟိုဘဏ်က တာဝန်ယူတယ်၊ တာဝန်ခံတယ်၊ နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်တွေကလည်း ထွက်ပြောကြတယ်၊ ကြည့်ခြင်းအားဖြင့် အကုန်လုံးက မဖြစ်နိုင်ဘူးဆိုတာ ပြောကြတာပါ"

မသမာတဲ့ စီးပွားရေးသမားတွေရဲ့ မမှန်မကန် သတင်းလွှင့်တာတွေကို မယုံကြည်ကြဖို့နဲ့ ခုလို သတင်းတွေဖြစ်လာရင်လည်း သက်ဆိုင်ရာ ဗဟိုဘဏ်ကလည်း တရားဝင် ရှင်းလင်းပြောကြားတာမျိုးတွေကို လုပ်မှသာ ပြည်သူတွေရဲ့စိုးရိမ်မှုတွေကို ဖြေလျော့ပေးနိုင်မှာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

(RFA သတင်းထောက် ကိုကျော်သူ ပေးပို့သည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့