ရသေ့တောင်မှာ လက်နက်ကြီးကြောင့် အရပ်သား တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာပြင်းထန်

2020-09-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ရွှေလောင်းတင်ကျေးရွာထဲကို ဒီနေ့မနက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခံရလို့ ရွာထဲမှာရှိနေတဲ့ အရပ်သားတစ်ဦးသေဆုံးပြီး အသက် ၈၇ နှစ်အရွယ် အဘွားတစ်ဦးအပါအဝင် အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စတွေထိမှန်ပြီး ဒဏ်ရာရသွားတယ်လို့ ကျေးရွာလူကြီးတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ရဲ့ တောင်ဘက် ၆ မိုင်ခွဲလောက်အကွာ မေယုမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေလောင်းတင် ရွာကို ဒီနေ့မနက်က တပ်မတော်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ကျေးရွာလူကြီးတွေက RFA ကိုပြော ပါတယ်။

လက်နက်ကြီးတွေ ကျေးရွာထဲကိုကျရောက်ပြီး အိမ်ထဲမှာရှိနေတဲ့ အသက် ၄၈ နှစ်အရွယ် ဦးမောင်မောင်ချေ  ပွဲချင်းပြီး သေဆုံးသွားပါတယ်။

လက်နက်ကြီးအစထိမှန်ပြီး အပြင်းအထန် ဒဏ်ရာရရှိသွားတဲ့ အသက် ၆၈ နှစ်အရွယ် ဦးလှထွန်းမောင်နဲ့ အသက် ၈၇ နှစ်အရွယ် ဒေါ်လှစောနု တို့ကိုတော့ ကူတောင် တိုက်နယ်ဆေးရုံကို ပို့ဆောင်လိုက်ရတယ်လို့ ကျေးရွာသား တွေကပြောပါတယ်။

ကျေးရွာသားတစ်ဦးဖြစ်တဲ့ ဦးသာချေက အနီးအနားမှာ တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်က အကြောင်းမဲ့ ပစ်ခတ်တာလို့ ပြောပါတယ်။

“ရသေ့တောင်ကနေ လက်နက်ကြီးနဲ့လှမ်းပြီးတော့ ပစ်တာ။ ပထမတစ်ချက်ကတော့ မထိဘူး။ ဒုတိယ တစ်ချက်မှာ ကျွန်တော်တို့ ရွှေလောင်းတင်ရွာအလယ်မှာ ပေါက်ကွဲပြီးတော့ ဦးမောင်မောင်ချေ အသက် ၄၅ နှစ်၊ ဘ ဦးရွှေဇံဦးပေါ့ သူကပွဲချင်းပြီးဆုံးသွားတာ။ သူ့အစ်ကို ဦးလှထွန်းမောင်ကတော့ ရင်ဘတ်မှာ ထိခိုက် ဒဏ်ရာရသွားတယ်။ ပါဒလိတ် ကမ်းဘက်ကကလည်း လက်နက်ကြီးတွေနဲ့လှမ်းထုတယ်။ ရသေ့တောင်မြို့ ဘက်ကလည်း လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ သိပ်မကြာခင်မှာပဲ ရေချမ်းပြင်ဘက်က တပ်မတော် ရေယာဉ်က တက်လာတယ်။ အဲလိုတက်လာပြီး ရွာကိုဖြိုပစ်တာပေါ့။ လက်နက်ကြီးတွေနဲ့ အကုန်လုံး ထိချင်တဲ့ကောင်တွေကို ထိသွားကွာဆိုပြီးပစ်တာက ကျွန်တော်တို့ ရွှေလောင်းတင်ရွာကို မြေလှန်သလို လုပ်လိုက်ကြတာပေါ့”

ဒီနေ့ လက်နက်ကြီးကြောင့် သေဆုံးတဲ့ ဦးမောင်မောင်ချေဟာ ဆန်စက်ပိုင်ရှင်တစ်ဦးဖြစ်ပြီး မိသားစုနဲ့ ကလေးတွေကို လုံခြုံတဲ့တွေကို ပို့ဆောင်ပြီး အိမ်စောင့်အဖြစ်နဲ့ ရွာမှာကျန်နေခဲ့တာလို့ဆိုပါတယ်။

စက်တင်ဘာလ ၁၅ ရက်နေ့ ညနေပိုင်းကလည်း ရွှေလောင်းတင်ကျေးရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မေယုမြစ်ထဲမှာ တပ်မတော်ရေယာဉ်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၃၀၀ ကျော်နဲ့ လူဦးရေ ၂၀၀၀ ခန့်နေထိုင်တဲ့ ရွှေလောင်းတင်ကျေးရွာက လူ ၁၀၀၀ ကျော်ဟာ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးသွားတယ်လို့ ရွာသားတွေကပြောပါတယ်။

ဒီနေ့မနက်က ဖြစ်စဉ်ကြောင့် ကျန်ရှိနေတဲ့ကျေးရွာသားတွေဟာလည်း ရွာကိုစွန့်ခွာထွက်ပြေးသွားကြရပြီး သက်ကြီးရွယ်အို ၁၀ ကျော်လောက်ကတော့ ဘုန်းတော်ကြီးကျောင်းမှာ ပိတ်မိနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

အဲဒီလိုပိတ်မိနေတဲ့အထဲပါဝင်တဲ့ အသက် ၆၉ နှစ်အရွယ် ဦးထွန်းသာက သူတို့ဟာ ထွက်ပြေးလို့မရဘဲ ကျန်နေခဲ့ကြတာကြောင့် တတ်နိုင်တဲ့သူတွေက သူတို့ကိုပါ ရွာထဲကနေ ကယ်ထုတ်ပေးလိုကြောင်း RFA ကိုပြောပါတယ်။

"အဘက ထွက်ပြေးလို့ မရောက်တော့ဘူး။ နဂိုကလည်း အသက်ရှူကျပ်တဲ့ရောဂါရှိတယ်။ အခုက လုံခြုံတဲ့ နေရာကို ရှောင်နေရတယ်။ အဘက အခုဘုန်းကြီးကျောင်းကနေ ပြောနေတာပါ။ အဘတို့မိသားစုက မနေ့က ထွက်ပြေးသွားကြပြီ။ ကူတောင်ရွာမှာရှိလေမလား ဘယ်မှာရှိနေကြမလဲ မသိတော့ဘူး ဖုန်းလည်းအဆက် အသွယ်မရဘူး။ အခုက မိသားစုမှာ အဘတစ်ယောက်တည်းရွာမှာကျန်ခဲ့တာ။ အခုက တကယ့်ဒုက္ခသည် ဖြစ်သွားပြီ။ မနက်က အိမ်မှာ ထမင်းချက်ပြီးသားကျန်ခဲ့တယ်။ အဲဒီထမင်းလည်း သွားစားဖို့ မဖြစ်နိုင်တော့ ဘူး။ အဘက ရွာကနေ ထွက်သွားချင်တယ်။ ထွက်ပြေးလို့ရအောင် အကူအညီပေးစေချင်တယ်”


ရက္ခိုင့်တပ်တော် AA ကိုစစ်ဆင်ရေးလုပ်နေတဲ့ တပ်မတော်ရေယာဉ်တွေဟာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ ကျေးရွာတွေ ထဲကို မြစ်ထဲကနေပြီး ပစ်ခတ်လေ့ရှိတာကြောင့် တပ်မတော်ရေယာဉ်တွေ လာတဲ့အချိန်တွေမှာ ဒေသခံတွေဟာ ဗုံးခိုကျင်းထဲကို ဝင်ရောက်ပုန်းခိုကြရသလို လုံခြုံမယ့်နေရာတွေဆီကို ထွက်ပြေးတိမ်းရှောင်ကြရလေ့ရှိတယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

ရွှေလောင်းတင်ကျေးရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ရွာလူကြီးတစ်ဦးက…

“ဒီနေ့မနက်က တပ်မတော်ရေယာဉ်ဟာ ရေချမ်းပြင်ဆိပ်ကမ်းဘက်ကနေ မြစ်ထဲဆန်တက်လာတယ်။ အဲလို တက်လာတော့ ကျွန်တော်တို့ရွာသားတွေက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံဖို့ထွက်ပြေး ကြတယ်။ ခဏနေတော့ တပ်မတော်ရေယာဉ်က ပြန်လှည့်သွားတယ်လို့ သတင်းရတယ်။ သူတို့ကပြန်လှည့် သွားတော့ ကျွန်တော်တို့လည်း ရွာကိုပြန်ဝင်ပြီး ထမင်းချက်သူ၊ စားသူစားကြတယ်။ အဲဒီအချိန်မှာပဲ တပ်မ တော်ရေယာဉ်က ပြန်တက်လာတယ်။ ကျွန်တော်တို့ကလည်း သူတို့က လာတုန်းပဲရှိသေးတယ်ဆိုပြီးတော့ ထမင်းစားသူစားပြီးနေကြတယ်။ အဲဒီအချိန်မှာပဲ လက်နက်ကြီးတစ်လုံး ရွာထဲကို လာကျပါတယ်။ အဲဒီ ပထမဆုံးကျတဲ့လက်နက်ကြီးမှာပဲ လူတစ်ယောက်ဆုံးသွားတာ။ တပ်မတော်ရေယာဉ်က ပစ်ခတ်ပြီးတော့ သွားနေတာဆိုတော့ ကျွန်တော်တို့ပြည်သူတွေမှာ သူတို့ကိုကြောက်ရတယ်”


ဒီနေ့မနက်ကဖြစ်စဉ်နဲ့ ပတ်သက်လို့ အဲဒီဒေသဘက်မှာ အေအေအဖွဲ့က စစ်ရေးလှုပ်ရှားမှု ရှိ မရှိကို သိနိုင်ဖို့ ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာ တိုက်ပွဲဖြစ်တာမရှိဘဲ မြန်မာစစ်တပ်က ရွှေလောင်းတင်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

ရသေ့တောင်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေး အဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ တပ်မတော်အနေနဲ့ ရွာထဲကို အကြောင်းမဲ့ပစ်ခတ်စရာ အကြောင်း မရှိကြောင်းနဲ့ လက်နက်ကြီးနဲ့ပစ်ပြီဆိုရင် တပ်မတော်ဘက်ကပဲဆိုပြီး AA အမာခံတွေက ရွာသားတွေဆိုပြီး စွပ်စွဲနေတာဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

RFA က ရရှိထားတဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ဒီနေ့ စက်တင်ဘာလ ၁၇ ရက်နေ့အထိ စစ်ရေးနဲ့ဆက်နွယ်ပြီး သေဆုံးတဲ့အရပ်သား ၂၉၀ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၆၅၀  ဦးအထိ ရှိနေပါတယ်။

အခု စက်တင်ဘာလ ၂ ရက်နေ့ကနေ ဒီနေ့အထိအချိန် ၁၆ ရက်အတွင်းမှာဆိုရင် သေဆုံးတဲ့အရပ်သား ခုနှစ်ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့အရပ်သားက ၃၀ ဦးအထိ ရှိနေပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့