အက်ဆစ်စက်ရုံကြောင့် လူထု ကျန်းမာရေး ထိခိုက်

2016-06-18
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Photo: RFA

ကြေးနီစီမံကိန်းအတွက် အသုံးပြုဖို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာနားမှာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလိမိတက် က လည်ပတ်နေတဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံက အနံ့ဆိုးတွေထွက်လာတဲ့အတွက် ဒီကိစ္စဖြေရှင်းပေးဖို့ ရွာသားတွေက စက်ရုံရှေ့ ဒီနေ့သွားစုဝေးကြပေမယ့် တစုံတရာ အရေးယူဖြေရှင်းပေးတာမရှိဘူးလို့ မွန်းလွဲ ၄ နာရီလောက်မှာ ရွာသားတွေက ပြောကြပါတယ်။

ဒီအကြောင်းကံကုန်းရွာက ဦးတင့်အောင်စိုးက ပြောပြပါတယ်။

" မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကနေ အနံ့ဆိုးတွေမခံနိုင်လို့ ကျနော်တို့ကစက်ရုံရှေ့ သွားပြီး ဖြေရှင်း ခိုင်းတာပေါ့၊ ခုချိန်ထိတာဝန်ရှိတဲ့သူတွေ ကဖြေရှင်းမပေးသေးဘူး"

ညနေ ၆ နာရီထိုးကာနီးမှာ  စစ်ကိုင်းတိုင်းစည်ပင်သာယာဝန်ကြီးရောက်လာပြီး ကျေးရွာအုပ်ချုပ် ရေးမှူးကလည်း ဒီအနံ့ဆိုးထွက်တဲ့ကိစ္စ တင်ပြမယ်ဆိုတဲ့ အတွက် ရွာသားတွေ လူစုခွဲလိုက်ပါတယ်။

အက်ဆစ်စက်ရုံဟာ ကံကုန်းရွာနဲ့ ကိုက် ၂၀၀ အကွာမှာတည်ဆောက်ထားပြီး လေသင့်တိုင်း ငရဲမီးခိုးငွေ့သင့်နေရ တယ်လို့ ဆိုပါတယ်။

စက်ရုံကို ၂၀၀၆ ခုနှစ်မှာစတင်တည်ဆောက်ပြီး ၂၀၀၇ ခုနှစ်မှာ စတင်လည်ပတ်ပါတယ်။

စစ်အစိုးရလက်ထက်မှာ မပြောရဲလို့ငုံ့ခံနေကြပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ အက်ဆစ်စက်ရုံနဲ့ ဆက်စပ်နိုင် ဖွယ်ရှိတဲ့ သေစာရင်းကို ရွာသားတွေ က ပြုစုတဲ့အခါ ၂၀၁၂ မှာ ၂၉ ယောက်နဲ့ ၂၀၁၃ နိုဝင်ဘာလအထိ ၃၁ ယောက်သေဆုံးတာကိုတွေ့ရပါတယ်။  စုစုပေါင်းလူဦးရေ ၃၈၀၀ ပေါ် အခြေခံတွက်ရင် လူသေဆုံးနှုန်းဟာ လူဦးရေ တစ်သိန်းမှာ ၇၀၀ ကျော်သေဆုံးတာတွေ့ရပါတယ်။

ဆာလ်ဖျူးရစ်အက်ဆစ်ကြောင့် ဖြစ်တဲ့ရောဂါလို့ယူဆနိုင်တဲ့ အဆုတ်၊လည်ချောင်းနဲ့ အသက်ရှု လမ်းကြောင်း ဆိုင်ရာ ရောဂါတွေကြောင့်သေဆုံးရသူဦးရေဟာ  ၂၀၁၂ ခုနှစ်မှာ စုစုပေါင်း သေဆုံးသူအားလုံးရဲ့  ၃၄%  ရှိတယ် လို့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

ကံကုန်းရွာတဝိုက်က မြေနမူနာတွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ ဆာလ်ဖိတ်ဓာတ် မြင့်မားနေတာ တွေ့ရတယ် လို့လည်း ပြောပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့