တပ်မတော်ထိုးစစ် အမြန်ဆုံးရပ်ဖို့ လက်နက်ကိုင်သုံးဖွဲ့ တောင်းဆို

2019-08-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်းက တပ်မတော်သားတချို့ကို တွေ့ရစဉ်
Photo: STR / AFP

မြန်မာပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေကို အမြန်ဆုံး ရပ်တန့်ပေးဖို့ AA၊ TNLA နဲ့ MNDAA စတဲ့ ညီနောင်သုံးဖွဲ့က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

ရက္ခိုင့်တပ်တော် AA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ MNDAA စတဲ့ ညီနောင်သုံးဖွဲ့က မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်က ထိုးစစ်ဆင်နေတာတွေကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

အစိုးရတပ်မတော်က ထိုးစစ်ဆင်နေတာကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်ရာမှာ ယုံကြည်မှု တည်ဆောက်ဖို့ ခက်ခဲနေပြီး ရှေဆက်ဆောင်ရွက်နိုင်ဖို့အတွက် ထိုးစစ်တွေရပ်ဖို့ အခုလိုတောင်းဆိုတာလို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

khinethukha-350.jpg"ထိုးစစ်တွေကိုရပ်မှပဲ ကျနော်တို့က ယုံကြည်မှုကို တည်ဆောက်လို့ ရမယ်လေ ၊ တစ်ဘက်က ငြိမ်းချမ်းရေးစကားပြောပြီးတော့ တစ်ဘက်က အမြစ်ပြတ် ချေမှုန်းရေးဆိုပြီးတော့ ထိုးစစ်ကြီးတွေ လုပ်နေမယ်ဆိုရင်တော့ ဘယ်လိုမှ ယုံကြည်မှုတည်ဆောက်လို့ရမှာ မဟုတ်ဘူး၊ အဲဒါကြောင့်မလို့ တကယ်ယုံကြည်မှု တည်ဆောက်တဲ့ အပိုင်းမှာ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်အောင် အဲလိုမျိုး ဖြစ်စေချင်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီကြေညာချက်ကို ထုတ်တာဖြစ်တယ် အဓိကကတော့ ဗမာစစ်တပ်တွေရဲ့ ထိုးစစ်တွေ ရပ်ဖို့လိုတယ်"

ဒီကိစ္စနဲ့ပတ်ပက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ဆက်သွယ်မေးမြန်းရာမှာတော့

zawmintun-350.jpg"သူတို့စွပ်စွဲသလို့ ထိုးစစ်ဆင်နေတာ ဆောင်ရွက်နေတာ မဟုတ်ပါဘူး၊ နောက်ပိုင်းမှာ များလာတဲ့အကြောင်းကတော့ ကွတ်ခိုင်ဘက်မှာ မူးယစ်ဆေးဝါးစခန်းတွေ၊ မူးယစ်ဆေးဝါး ချက်လုပ်တဲ့နေရာတွေကို ထိန်းသိမ်းတဲ့အတွက်ကြောင့်မိုလို့ သူတို့ဘက်ကနေ လိုက်လံပြီးတော့ စစ်ကြောင်းတွေကို နှောက်ယှက်ပစ်ခတ်တာတို့၊ ပြီးရင် တပ်ရင်းဌာနတွေကို နှောင့်ယှက်ပစ်ခတ်တာတို့ လုပ်ဆောင်နေလို့ ထိတွေ့တာတွေ ဖြစ်နေတာဗျ"

တပ်မတော်ဟာ ရခိုင်ပြည်နယ်မှာ AA အဖွဲ့ကို နည်းလမ်းပေါင်းစုံနဲ့ အပြင်းအထန် ချေမှုန်းတိုက်ခိုက်နေသလို့ စစ်ရာဇဝတ်မှုမြောက်တဲ့ ကိစ္စတွေကိုကျူးလွန်နေတာကြောင့် အပြစ်မဲ့ပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ရသလို့ ခြောက်သောင်းကျော်တဲ့ ရခိုင်ဒေသခံတွေဟာလည်း စစ်ဘေးဒုက္ခသည်ဖြစ်နေတယ်လို့ သဘောထားထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်မှာ တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဟာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာပြီး တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေ ပိုမိုကျယ်ပြန့်လာတယ်လို့လည်း ပါရှိပါတယ်။

အလားတူ ကိုးကန့်နဲ့ တအာင်းဒေသတွေမှာလည်း တပ်မတော်က စစ်ရေးလှုပ်ရှားတာတွေ ပြုလုပ်နေပြီး မဟာမိတ်တပ်ဖွဲ့တွေကို စစ်ရေးအရ ကန့်သတ်ဖိနှိပ်မှုတွေအမျိုးမျိုးကို ဆက်တိုက်ပြုလုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တပ်မတော်က တစ်ဖက်သတ်အပစ်ရပ်စဲရေး စစ်တိုင်း ငါးခုမှာ ကြေညာထားပေမယ့် ရှမ်းပြည်မြောက်ပိုင်းမှာ TNLA၊ MNDAA နဲ့ SSPP စတဲ့ အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေပါတယ်။

တွေဆုံညှိနှိုင်း အဖြေရှာတာမလုပ်ရင် တိုက်ပွဲတွေထပ်ဖြစ်နိုင်တဲ့တယ်လို့ တိုင်းရင်းသားရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

"ထိုးစစ်တွေ လုပ်နေတယ်လို့ သူတို့ဘက်က စွပ်စွဲတာပေါ့၊ တပ်ဘက်ကလည်း ဟိုဘက်က အလွန်လိ့ုပြောတာပေါ့ ၊ ဒီလိုအခြေအနေမျိုးမှာ တိုက်ပွဲတွေဖြစ်လာရင် တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်စွပ်စွဲကြပါတယ်၊ ဒါပေမဲ့ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှုမရှိရင်တော့ ဒီကြေညာချက်အလိုအရ သူတို့အနေနဲ့ စစ်ဆင်ရေးပြန်ပြီးတော့ ဆင်နွှဲပြီး အစိုးကိုပြန်တိုက်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးဆောင်တယ်လို့ ထင်ပါတယ်"

တပ်မတော်ရဲ့စစ်ရေးလှုပ်ရှားမှုတွေ၊ လူမျိုးရေးအမုန်းတရားတွေကို အခြေခံပြီး မိမိတို့လူမျိုးတွေအပေါ် ပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးနေတာ၊ သတ်ဖြတ်နေတာတွေဟာ နှစ်ဘက်ယုံကြည်မှုတွေ ပျက်ပြားစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြန့်ကြာစေနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

အစိုးရတပ်မတော်က အဆိုပြုထားတဲ့ ပဏာမ အပစ်ရပ်စဲရေးစာချုပ်မူကြမ်းကို ဆွေးနွေးဖို့ တရုတ်နိုင်ငံနဲ့ FPNCC အဖွဲ့တွေ အကူအညီနဲ့ တွေဆုံဖို့ကြိုးစားနေပေမယ့် တွေ့ဆုံမယ့်နေရာအခက်အခဲကြောင့် မတွေ့နိုင်သေးဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်ခင်ဗျာ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့