AA လက်ထဲရောက်နေသူတွေ အိမ်ပြန်ဖို့ မျှော်လင့်နေ

2020-09-22
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မှာ တာဝန်ကျနေတဲ့ အစိုးရဝန်ထမ်းတချို့အပါအဝင် လုံခြုံရေးဝန်ထမ်းတချို့ကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးထားတာကြောင့် သူတို့ လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးဖို့ ဖမ်းဆီးခံရသူတွေက တောင်းဆိုနေပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက တပ်မတော်သား အရာရှိနှစ်ဦးနဲ့ ရဲဝန်ထမ်းတစ်ဦးတို့ဟာ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းပြီး ကယ်တင်ပေးဖို့ တောင်းဆိုတဲ့လိုက်တဲ့ ဗီဒီယိုဖိုင်တွေကို စက်တင်ဘာ ၁၉ ရက်နေ့က AA ဘက်က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့ ကျောက်တော်မြို့ မီးဝကျေးရွာတိုက်ပွဲမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ဗိုလ်မှူး သက်နိုင်ဦးက ပြည်သူလူထုတွေ ထိခိုက်နစ်နာမှုမရှိအောင် ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ကူညီကယ်ဆယ်ပေးဖို့ ပြောထားပါတယ်။

"ကျနော်အပါအဝင် တာဝန်ထမ်းဆောင်ရင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ ရဲဘော် ရဲဘက်တွေကို နှစ်ဖက်လူကြီး အချင်းချင်းသော်လည်းကောင်း တိုင်းရင်းသားညီအစ်ကိုတွေ ဖြစ်တဲ့အတွက် ပြည်သူလူထုတွေ ထိခိုက်နစ်နာမှု မရှိစေဘဲနဲ့ ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ သော်လည်းကောင်း ညှိနှိုင်း ပြီးတော့မှ ကျနော်တို့ကို ကယ်တင်ဖို့ကြိုးစားသင့်ပါတယ် ဆောင်ရွက်သင့်ပါတယ်လို့ တင်ပြလိုပါတယ်။ ရဲဘော်ရဲဘက်တွေ အနေနဲ့ကတော့ ကျနော်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုကြားမှာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ အနေအထားမှာတောင်မှ ရက္ခိုင့်တပ်တော် AA အနေနဲ့ ကျနော်တို့ကို သတ်ဖြတ်မှု မရှိပါဘူး ညှဉ်းပမ်းနှိပ်စက်မှု မရှိပဲနဲ့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားရှိပါတယ်။"

ဖမ်းဆီးခံထားရတဲ့ ခုနှစ်လနီးပါးကြာ အချိန်အတွင်း နှိပ်စက်ညှင်းပန်းမှု မခံရကြောင်း၊ ကျန်းမာရေး ကောင်းမွန်တဲ့အတွက် မိသားစုဝင်တွေ စိတ်ပူစရာ မလိုကြောင်း သူက ရုပ်သံမှာ ပြောထားပါတယ်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိဘနှစ်ပါးကို အမြန်ဆုံးတွေ့ဆုံလိုတယ်ဆိုတဲ့ ဗိုလ်ကြီး ရှိန်ထက်လင်းကတော့ ရခိုင်ပြည်နယ်တိုက်ပွဲမှာ သူရဲဘောကြောင်ပြီး ဖမ်းဆီး အညံ့ခံခဲ့တာမဟုတ်ဘူးလို့ ပြောထားပါတယ်။

"အသက်ကြီးနေပြီဖြစ်တဲ့ ကျနော့်မိဘနှစ်ပါးနဲ့ အမြန်ဆုံးပြန်လည် တွေ့ဆုံပြီးတော့မှ အနီးကပ် ပြုစု စောင့်ရှောက်ခွင့်လည်း ရချင်ပါတယ်။ အခုအချိန်ထိလည်း ကျနော်သက်ရှိထင်ရှား ရှိနေပါတယ်။ ကျနော့် မိဘနှစ်ပါးကိုလည်း ကျန်းမာရေး အထူးဂရုစိုက်ပါလို့ ပြောချင်ပါတယ်။ အဲဒါကြောင့်မို့လို့ တပ်မတော်နဲ့ အထက်လူကြီးတွေအနေနဲ့ သစ္စာဖောက်အဖြစ် သတ်မှတ်ပြီးတော့မှ အခုလိုမျိုး ပစ်ပယ်မထားသင့်ကြောင်းနဲ့ ကျနော်တို့ရဲ့ ဘဝတွေကို စာနာထောက်ထားပြီး သနားညှာတာသောအားဖြင့် ပြန်လည် ကြည့်ရှု စောင့်ရှောက်ပေးဖို့ ပြောချင်ပါတယ်။"

AA လက်ထဲ ၁၀ လကျော် ရှိနေပြီ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ လူကြီးတွေ အနေနဲ့ နည်းလမ်းရှာပြီး အကူအညီပေးဖို့ ဒုတိယရဲမှူး ကြည်စိုးက ဗီဒီယိုမှာ ပြောထားပါတယ်။

"ကျနော်အထက်အကြီးအကဲတွေကို ပြောချင်တာကတော့ ကျနော်အခုလို ဖမ်းဆီးခံထားရတာဟာ ကျနော် အထက်က ပေးတဲ့အမိန့်တာဝန်ကို ထမ်းဆောင်ဖို့အတွက် တာဝန်အရလာခဲ့တဲ့အခါမှာ ဘယ်လိုမှမလွှဲသာ မရှောင်သာနိုင်တဲ့ အခြေအနေ တစ်ခုအောက်မှာ အကြပ်ရိုက်ပြီးတော့မှ ကျနော် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင်ကျနော် AA ဆီမှာ အဖမ်းခံထားရတာ ၁၀ လကျော်ရှိပြီဖြစ်ပါတယ်။ ကျနော်တာဝန်ထမ်းဆောင်ခဲ့တဲ့ အနေအထားကို ငဲ့ညှာပြီးတော့မှ ကျနော်ကို ဒီအတိုင်းပစ်ပယ်မထားပဲနဲ့ ကျနော် AA ဆီမှာ အဖမ်းခံထားရတဲ့ နေရာကနေ လွတ်မြောက်ဖို့အတွက် နည်းလမ်းရှာကြံပြီးတော့ ကြိုးစားပေးကြပါလို့ အထက်အကြီးအကဲ တွေကို ဒီနေရာကနေပြီးတော့ ပြောကြားတင်ပြချင်ပါတယ်"

ဒုရဲမှူး ကြည်စိုးဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့က တာဝန်ကျရာ အမှတ် ၁ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ စစ်တွေကနေ ရွှေနဒီ အမြန်ရေယာဉ်နဲ့ ထွက်ခွာလာချိန် ဘူးသီးတောင်မြို့နယ် ရေမျက်ရွာအနီးမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

AA က ဖမ်းဆီးထားတဲ့အထဲမှာ လူဝင်မှုကြီးကြပ်ရေးဌာန ဝန်ထမ်း ဦးမျိုးဆွေဦးလည်း ပါဝင်ပါတယ်။

ဝန်ကြီးဌာနဘက်ကလည်း ဖမ်းဆီးခံရတဲ့ ဒီဇင်ဘာလကစပြီး လစာ ထောက်ပံ့တာ မရှိသလို ဦးမျိုးဆွေဦးနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ အကြောင်းကြားတာ မရှိခဲ့ဘူးလို့ မိခင်ဖြစ်သူ ဒေါ်ဆောင်းသီတာက ပြောပါတယ်။

"သူတို့ကလည်း ကျမတို့ကိုဘာမှ မပြောဘူးရှင့် ၁၂ လပိုင်းလောက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အခါကျတော့ ၁၂ လပိုင်းကုန်တဲ့အချိန် အဲလစာ တစ်လစာပေးပြီး အခုအချိန်အထိတော့ ဘာလစာမှ မရဘူးရှင့် သတင်း ကြည့်လိုက်ရင် တစ်ခုခု တက်လာလိုက်ရင် သားလေးသတင်းလေးများ ပါလာမလားပေါ့ တစ်နေ့တစ်နေ့ အဲသတင်းလေးပဲ ထိုင်ကြည့်နေရတာ အဖွဲ့ဖက်ကလူတွေကိုလည်း အားကိုးပါတယ် ယုံကြည်ပါတယ် လူသားချင်း စာနာထောက်ထားပြီးတော့ သားလေးကို အမြန်လေး ပြန်ပို့ပေးစေချင်ပါတယ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ် ကျမတို့က သားအမိနှစ်ယောက်တည်းဆိုတော့ သားကိုပဲ အားကိုးပြီးနေရတာ ဆိုတော့လေ"

ရှမ်းပြည်နယ် ဆီဆိုင်မြို့မှာ နေထိုင်တဲ့ ဒေါ်ဆောင်းသီတာက သူ့ရဲ့ တစ်ဦးတည်းသော မိသားစုဝင်ဖြစ်တဲ့ သားဖြစ်သူ အသက်ရှင်ရက်ရှိသေးလားဆိုတာ သိချင်တဲ့အတွက် RFA ကို ဆက်သွယ်လာတာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က တောင်ဘဇာကနေ ဘူးသီးတောင်ကို ပြန်လာချိန်မှာ လဝက ညွှန်မှူး တစ်ဦးအပါအဝင် ဝန်ထမ်း သုံးဦး ဖမ်းဆီးခံခဲ့ရတဲ့ အထဲမှာ သားဖြစ်သူပါဝင်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဒီနေ့ မနက်က ဆက်သွယ် မေးမြန်းရာမှာတော့ တပ်မတော်အနေနဲ့ ဖမ်းဆီးခံထားရသူတွေကို ကယ်တင်နိုင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေပြီး ပစ်ပယ်ထားတာ လုံးဝမရှိဘူးလို့ ပြောပါတယ်။

" AA ကနေ ဖမ်းဆီးသွားပြီးတော့ လွတ်မြောက်လာတဲ့ စစ်သည်တွေရှိပါတယ်။ နံပါတ် ၁ ကတော့ စစ်ဆင်ရေးတွေ လုပ်တာအခါမှာ တိုက်ပွဲတွေ ကြားထဲကနေ AA လက်ထဲကနေ ပြန်ပြီးတော့ လွတ်မြောက်လာတဲ့ သူတွေရှိတယ်။ ဒါတွေကတော့ တပ်မတော်အနေနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့အတွက် လွတ်မြောက်လာတဲ့သူတွေဖြစ်တယ်။ ဘယ်နှယောက်ရှိတယ်ဆိုတာတော့ ကျနော်တို့ ထုတ်ဖော်မပြောနိုင်ဘူး။ ကျနော်တို့ အနေနဲ့ လုပ်ထုံးလုပ်နည်းကတော့ စစ်သည်တွေဖမ်းခံရလို့ရှိရင် စစ်သည်တွေကို ပျောက်ဆုံး အနေနဲ့ပဲ စာရင်းသွင်းတယ် ပျောက်ဆုံးအနေနဲ့ စာရင်းသွင်းခံရတဲ့ စစ်သည်တွေ မိသားစုဝင်တွေဟာ သူတို့ရဲ့ခံစားခွင့်အတိုင်းပဲ သူတို့ကို ဆက်ပေးထားတယ် ပြန်လွတ်လာလို့ရှိရင်လည်း ကျနော်တို့က သူတို့ရဲ့လုပ်ဆောင်ချက်တွေကို စစ်ဆေးတယ် စစ်ဆေးပြီးတော့ တာဝန်ပေးရမယ့်သူတွေကို ကျနော်တို့ တာဝန်ပေးတယ်။ အဖမ်းခံရတဲ့စစ်သည်များ ဝန်ထမ်းများ မိသားစုဝင်များ ပြည်သူများနဲ့ ပတ်သက်ပြီး ကျနော်တို့လွတ်မြောက်ရေး သူတို့ရဲ့သတင်းရရှိရေး စစ်ဆင်ရေးတွေကိုတော့ ကျနော်တို့ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါတယ်"

တပ်မတော်အနေနဲ့ အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့လည်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

AA အဖွဲ့က ထုတ်ပြန်ထားတဲ့ ဖမ်းဆီးထားသူတွေရုပ်သံဖိုင်မှာ ပါဝင်သူတွေဟာ တပ်မတော်သားတွေ ဟုတ်မဟုတ် ဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြုပြောဆိုတာ မရှိပါဘူး။ ဒီစစ်သည်အရာရှိတွေရဲ့ ပြောဆိုချက်တွေ၊ သူတို့ရဲ့ တပ်ရင်းတပ်ဖွဲ့ ရာထူးရာခံတွေနဲ့ ပတ်သက်လို့ လောလောဆယ် RFA က သီးခြားစိစစ် အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

AA ကတော့  ဗီဒီယိုဖိုင်ထုတ်ပြန်လိုက်တာဟာ သူတို့ ရရှိထားတဲ့ သုံ့ပန်းတွေ အသက်ရှင်လျက်ရှိနေတယ်ဆိုတာကို သက်ဆိုင်ရာ မိသားစုဝင်တွေ သိရှိရေးအတွက် ရည်ရွယ်တယ်လို့  ပြောပါတယ်။

ထိန်းသိမ်းခံနေရသူ အားလုံး ကျန်းမာကြတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

တပ်မတော်က ဖမ်းဆီးထားတဲ့  AA အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးမယ်ဆိုရင် AA က ဖမ်းဆီးထားတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေကို ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

AA ဖမ်းဆီးထားသူတွေ အမြန်ဆုံးလွတ်မြောက်ရေး နှစ်ဖက်ညှိနှိုင်းစေချင်တယ်လို့ ရခိုင်ဒေသခံ တစ်ဦးဖြစ်တဲ့ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့က ကိုအမ်းသားကြီးက ပြောပါတယ်။

"ရက္ခိုင့်တပ်တော်ကို ဒီလဝကဝန်ထမ်းတွေ‌ကော ရဲဝန်ထမ်းတွေကော စစ်ဝန်ထမ်းတွေကော အကုန်လုံးကိုပေါ့ မြန်မာ့တပ်မတော်နဲ့ ပြေလည်အောင်ညှိနှိုင်းစေချင်တယ် ပြီးလို့ရှိရင် သူတို့မိသားစုဝင်တွေနဲ့ နွေးနွေးထွေးထွေး ဖြစ်စေချင်တယ်ပေါ့ဗျာ အဲလောက်ပဲ ကျနော်တို့က ပြောနိုင်မယ်။"

ရခိုင်ဒေသမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက ဒုတိယရဲမှူး ကြည်စိုးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၇ ဦး၊ ဗိုလ်မှူးသက်နိုင်ဦး အပါအဝင် အရာရှိစစ်သည် ၃၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့  AA က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ဇန်နဝါရီလက ဖမ်းဆီးလိုက်တဲ့ ကုန်လမ်းပို့ဆောင်ရေး ဝန်ထမ်း ၁၆ ဦးနဲ့ ခမရ ၃၁၃ က သက်ကြီး တပ်မတော်သား နှစ်ဦးကိုတော့ AA က ပြန်လွှတ်ပေးခဲ့ပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၀ ပြည့်နှစ် ဧပြီလအထိ ပလက်ဝဒေသခံ ၂၀ ကျော် ပျောက်ဆုံးခဲ့ပြီး ငါးဦးကို ရက္ခိုင့်တပ်တော် AA ကဖမ်းဆီးထားတယ်လို့ ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်များ ကူညီရေးကော်မတီ CISC က ပြောထားပြီး သူတို့နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရသေးပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့