မင်းပြားရွာထဲဗုံးကျလို့ ကလေး တစ်ဦးသေ၊ ၁၅ ဦးဒဏ်ရာပြင်းထန်

မင်းသိန်းအောင်၊ သန့်ဇင်ဦး
2020-03-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ မနေ့က တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို တိုက်ခိုက်ခဲ့တဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့ကို တပ်မတော်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ရာမှာ ချင်းလူမျိုးတွေနေထိုင်တဲ့ ချဲတောင်ကျေးရွာထဲကို ဗုံးကျရောက်လို့ ကလေးတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။ တပ်မတော်ကတော့ ရွာထဲကို ဗုံးကျစရာအကြောင်းမရှိဘူးလို့ ငြင်းဆိုပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကမ်းနီအုပ်စုမှာရှိတဲ့ ချဲတောင်ကျေးရွာထဲကို မတ် ၂၃ ရက် မနေ့ညနေက တပ်မတော် တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေါ်ကနေ ဗုံးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။

အဲဒီဗုံးကြောင့် လူ ၁၆ ဦး ဒဏ်ရာရပြီး အဲဒီအထဲက ကလေးတစ်ဦးကတော့ မတ် ၂၄ ရက် ဒီနေ့မနက်က မင်းပြားဆေးရုံမှာ သေဆုံးသွားတယ်လို့ အကူအညီပေးနေသူတွေနဲ့ ဒေသခံရွာသားတွေက ပြောပါတယ်။

ကျေးရွာသားတွေက အိမ်အောက်က ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းနေတဲ့အချိန် အဲဒီနေအိမ်ကို လေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့ ဗုံးကျရောက်လာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦးကပြောပါတယ်။

သေဆုံးတဲ့ကလေးဟာ အသက် ၁၀ နှစ်အရွယ် မောင်ဘီဒင်ဖြစ်ပြီး မနေ့က အချိန်မီ ဆေးကုသခွင့်မရဘဲ ရွာထဲမှာ ပိတ်မိနေခဲ့တာပါ။ ဒီနေ့မနက်ကတော့ မင်းပြားဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံမှာပဲ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကျန်တဲ့ လူနာ ၁၅ ဦးထဲက ဒဏ်ရာပြင်းထန်တဲ့ အသက် ၄၇ နှစ်အရွယ် ဦးဇနီအောင်နဲ့ အသက် ၁၃ နှစ်အရွယ် မောင်ထွန်းနေလင်းတို့ သားအဖ နှစ်ဦးကိုတော့ စစ်တွေဆေးရုံကြီးကို ဒီနေ့မနက်ကပဲ ပို့ဆောင်လိုက်ပါတယ်။

ဒဏ်ရာရသူတွေထဲမှာ ကျောင်းသူကျောင်းသား ခုနှစ်ဦးပါဝင်ပြီး အသက် တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦးလည်း ပါဝင်ပါတယ်။

ဒဏ်ရာရသူအားလုံးကို ဒီနေ့မနက်ကမှ ဆေးရုံကိုပို့ခွင့်ရခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကူအညီပေးသူတစ်ဦးကပြောပါတယ်။

နေအိမ်မီးလောင်သွားတာကြောင့် အိမ်အောက်ဗုံးခိုကျင်းမှာပုန်းနေတဲ့ လူကြီးတွေနဲ့ကလေးတွေဟာ မီးလောင်ဒဏ်ရာနဲ့ ကျည်စ ထိမှန်တဲ့ဒဏ်ရာတွေ ရခဲ့ကြတာပါ။

ကမ်းနီအုပ်စုက တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းကို အေအေအဖွဲ့က မနေ့က မနက် ၆ နာရီလောက်က နေ ၁၁ နာရီလောက်အထိ တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။

လေယာဉ်ပေါ်ကနေ ပစ်ခတ်တဲ့ဗုံးဟာ တိုက်ပွဲမရှိတော့တဲ့ ညနေ လေးနာရီကျော်အချိန်လောက်မှာ ရွာထဲကို ကျရောက်ခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရွာထဲကို ဗုံးကျစရာအကြောင်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။

ချဲတောင်ကျေးရွာဟာ အိမ်ခြေ ၁၇၀ လောက်ရှိတဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ကျေးရွာဖြစ်ပြီး အေအေအဖွဲ့က မနေ့ကတိုက်ခိုက်ခဲ့တဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းရှိရာ ကမ်းနီအုပ်စုထဲက ရွာတစ်ရွာ ပါ။

သင်တန်းကျောင်းထဲက အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးပြီး လက်နက်ခဲယမ်းအချို့နဲ့ သုံ့ပန်းတစ်ဦးကို ဖမ်းဆီးခဲ့သလို တပ်မတော်ဘက်က ၂၀ ခန့်ကျဆုံးခဲ့တယ်လို့ AA က မနေ့က ထုတ်ပြန်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့မနေ့ကထုတ်ပြန်ချက်မှာလည်း အင်အား ၃၀၀ လောက်ရှိတဲ့ အေအေအဖွဲ့ဟာ မနေ့က မနက်အစောပိုင်းမှာ နေရာ ငါးခုကနေ တိုက်ခိုက်ခဲ့ပေမယ့် အကျအဆုံးတွေနဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အေအေအဖွဲ့ရဲ့ အလောင်း ၁၅ လောင်းနဲ့ လက်နက်မျိုးစုံ ၁၅ လက်သိမ်းဆည်းရမိခဲ့ပြီး လေကြောင်းအပါအဝင် မြေပြင်နဲ့ အမြောက်ပစ်ကူတွေနဲ့ အေအေအဖွဲ့ကို ချေမှုန်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကျေးရွာတွေအနီးမှာ တိုက်ပွဲတွေကို ရှောင်ရှားစေလိုတယ်လို့ ရခိုင်ပြည်နယ်ချင်း တက္ကသိုလ် ကျောင်းသား/သူများအဖွဲ့(CUSR)ရဲ့ ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ပြောပါတယ်။

RFA က ရရှိခဲ့တဲ့အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ ဒီနေ့ မတ်လ ၂၄ ရက်နေ့ အထိ အချိန် တစ်လနီးပါးကာလမှာ သေဆုံးတဲ့အရပ်သား ၅၀ ဦးထက်မနည်းရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၁၅၀ ကျော်အထိ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာဆိုရင်လည်း သေဆုံးသူ ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၃၀၀ ကျော် ရှိခဲ့တယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့