ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန် အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ AA ကို သတိပေး

2020-08-21
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု သိသိသာသာ များလာနေချိန်မှာ ချောင်းမြောင်းတိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ ရက္ခိုင့်တပ်တော် AA ကို နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက သတိပေးလိုက်ပါတယ်။ AA အဖွဲ့ကတော့ တကယ်တမ်း အင်နဲ့အားနဲ့ တိုက်ခိုက်နေတာဟာ အစိုးရတပ်မတော်ဘက်ကဖြစ်တယ်လို့ တုံ့ပြန်ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု သိသိသာသာများလာနေချိန် တိုင်းရင်းသားပြည်သူတွေ အကျိုးအတွက် လူမဆန်တဲ့ လုပ်ရပ်တွေ မလုပ်ဖို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးက AA အဖွဲ့ကို သတိပေးလိုက်တာဖြစ်ပါတယ်။ နေပြည်တော်မှာ ၃ ရက်ကြာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ  နောက်ဆုံးနေ့အပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ရခိုင်တပြည်နယ်လုံးမှာ အားလုံးပေါင်း ကျတော်တို့ ကိုဗစ် ၁၉ ပေါ့စတစ်က ၃၅  ယောက်ရှိနေပြီ ။ ဒါကိုတော့ ပြည်နယ်မှာရှိတဲ့ ဒီတိုင်းရင်းသားတွေ ပြည်သူတွေအကျိုးအတွက်ပေါ့နော် ဒီချိန်ကာလမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ  ချောင်းမြောင်းတိုက်ခိုက်တာတွေ ဖမ်းဆီးတာတွေမျိုးပေါ့နော်။ အဲ့ဒါတွေဆက်လုပ်ရင်တော့  လူမဆန်တဲ့လုပ်ရပ်ဖြစ်လိမ့်မယ် လူမဆန်တဲ့ လုပ်ရပ်တွေမလုပ်ပါနဲ့ ။ ကျတော်တို့ အဲ့ဒါကို အလေးအနက်ပြောချင်တယ်။ သတိလည်းပေးပါတယ်။ ဒီလို ကိုဗစ် ၁၉ ကပ်ရောဂါစိုးရိမ်ရတဲ့ အနေအထားမျိုးမှာ  အကြမ်းဖက်လုပ်ရပ်တွေ  ဆက်ပြီးမလုပ်ပါနဲ့"

အစိုးရပြောခွင့်ရှိသူ ဦးဇော်ဌေးက အခုလို သတိပေးပြောကြားတာနဲ့ပတ်သက်လို့ RFA က AA ရက္ခိုင်တပ်တော်  ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်မေးမြန်းရာမှာတော့ တိုက်ပွဲတွေ လျှော့ချရမှာက  AA မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။

"ရခိုင်မှာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်နေချိန် AA ဘက်က တိုက်ခိုက်တာမျိုးတွေ မလုပ်သင့်ဘူးဆိုပြီး ဒါ ဦးဇော်ဌေး ပြောဆိုတယ်ဆိုတာက လက်တွေ့ ပကတိ မြေပြင်အခြေအနေနဲ့ လုံးဝ လွဲချော်နေတဲ့ ပြောဆိုချက်ဖြစ်တယ်လို့ပဲ ပြောလိုပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ့်မြေပြင်မှာ နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေ သုံးပြီးတော့မှ ရခိုင်ဒေသအနှံ့မှာ ထိုးစစ်ဆင်နေတာက မြန်မာစစ်တပ်ဘက်က လုပ်နေတာဖြစ်တယ်။  အဲဒီလို အင်အားအလွန်အကျွံ ထိုးစစ်ဆင်တိုက်ခိုက်ဖို့အတွက် အမိန့်ပေးနေတာကလည်း လက်ရှိ NLD အစိုးရပဲဖြစ်တယ်"

AA အနေနဲ့ ဒီကိုဗစ်ကာလ စတင်ချိန်ကတည်းက မြန်မာစစ်တပ်ရဲ့ ထိုးစစ်တွေကို ရပ်တန့်ပြီးတော့ ဒါ ကိုဗစ်ကို အတူတူ ကာကွယ်ကြဖို့ ကျတော်တို့ ညီနောင်မဟာမိတ်တွေက ထုတ်ပြန်ချက်တွေ ထုတ်ပြီးတော့မှ  တောက်လျှောက် တောင်းဆိုခဲ့တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

တပ်မတော်ဘက်ကသာ လက်နက်ကြီးတွေ လေကြောင်း စစ်ဆင်ရေးတွေနဲ့ တိုက်နေသာဖြစ်ပြီး AA ဘက်က စတင်အကြမ်းဖက်နေတာမဟုတ်ဘူးလို့ AA ဘက်က ပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ဘယ်လို တုံ့ပြန်ပါသလဲ။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက RFA က မနေ့ညနေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဒီသတင်းထုတ်လွှင့်ချိန်အထိ တစုံတရာ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့