မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရခိုင်အမျိုးသမီးများ

မင်းသိန်းအောင်
2020-11-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ရခိုင်ပြည်နယ်မှာ ဒီနှစ်ထဲ မိုင်းကြောင့် သေဆုံးရသူ အရေအတွက်ဟာ မနှစ်ကထက် သုံးဆကျော် ပိုများလာပြီး၊ ထိခိုက်ဒဏ်ရာရသူကတော့ နှစ်ဆကျော် ပိုများခဲ့ပါတယ်။

မဦးအေးစိုး - မိုင်းကြောင့် ခြေတစ်ဘက်ဆုံးရှုံးခဲ့ရသူ
“ခြေထောက်နှစ်ဖက်မှာ တဖက်ကိုဖြတ်ပစ်လိုက်ရပြီ။ နောင်တချိန်မှာ မိဘတွေမရှိတော့ရင် ဘယ်လိုရပ်တည်ရတော့မလဲဆိုတာ စဉ်းစားလို့ မရပါဘူး။” လို့ ပြောပါတယ်။

အချိန် ၂ နှစ်နီးပါးကြာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ ဒေသခံတွေဟာ ကျည်ဆန်တွေ၊ ဗုံးဆံတွေကြားမှာပဲ သူတို့ရဲ့ဝမ်းရေးအတွက် နေ့စဉ် ရုန်းကန်နေကြရတာပါ။ အဲဒီလို ရုန်းကန်နေရင်းကပဲ နှစ်ဘက်တိုက်ခိုက်မှုတွေကြားမှာ နေ့စဉ်လိုလို သေဆုံး၊ ဒဏ်ရာရမှုတွေ ရှိနေပါတယ်။

ဒီအထဲက ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါကျေးရွာက အသက် ၁၈ နှစ်အရွယ် မဦးအေးစိုးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့မနက်ပိုင်း အချိန်တဒင်္ဂအတွင်းမှာပဲ မသန်စွမ်းဘဝကို ပြောင်းလဲခဲ့ရသူပါ။
မဦးအေးစိုး - မိုင်းကြောင့် ခြေတစ်ဘက်ဆုံးရှုံးခဲ့ရသူ
“အဲဒီနေ့က မိသားစုနဲ့အတူ မျှစ်ခူးဖို့ သွားကြတာပါ။ အခြားသူတစ်ယောက်မှမပါဘူး။ ကျမတို့သွားနေတဲ့ တောင်ကို မရောက်သေးဘူး။ ကုန်းစောင်းလေးတစ်ခုမှာ မိုင်းကိုနင်းမိတာ။ ကျမရှေ့က နှစ်ယောက် ဖြတ်သွားပြီ။ အလယ်ကနေသွားတဲ့ ကျမမှာထိသွားတာ

မဦးအေးစိုးရဲ့မိခင် ဒေါ်နွယ်နွယ်စိုး က “သမီးလေးက ဝါကျွတ်ပွဲအတွက် အင်္ကျီအသစ်တစ်ထည်ဝယ်ဖို့ဆိုပြီး မျှစ်ခူးရောင်းဖို့ လိုက်သွားတာ။ မနက် ၆ နာရီလောက်မှာ ထွက်သွားကြတာ ၇ နာရီလောက်မှာ သူနဲ့အတူပါသွားတဲ့ သူ့အဒေါ်တွေကပဲ သူ့ကိုပြန်သယ်လာခဲ့ကြပြီ။ အဲဒီအချိန်မှာ သမီးလေးမှာ ခြေတစ်ဘက် ပါမလာတော့ဘူး။"

မဦးအေးစိုးလိုပဲ ကျောက်တော်မြို့နယ် ရုပ်သားကျေးရွာက အသက် ၁၇ နှစ်အရွယ် မစန္ဒာအေးဟာ နိုဝင်ဘာ ၄ ရက်နေ့က ရွာအနီးကတောင်မှာ ကတက်ဥသွားတူးရာကနေ မိုင်းနင်းမိလို့ ခြေနှစ်ဘက်လုံး ပြတ်သွားခဲ့ရပါတယ်။
ဒေါ်ဦးခိုင်သန်း - မစန္ဒာအေးရဲ့မိခင်
“တောင်ကို ကတက်ဥတူးဖို့သွားတော့ ကျမနဲ့ သမီးလေးက ရှေ့ဆင့်နောက်ဆင့်ပါ။ သူကရှေ့က၊ ကျမက နောက်ကပေါ့။ သူတက်သွားတာနဲ့ မိုင်းကွဲပြီး အော်သံပဲ ကြားရတယ်။ ကျမလည်း ဘာမှမမြင်လိုက်ရတော့ဘူး။ အမေ အမေ လို့ အော်ခေါ်သံကြောင့် မျက်လုံးဖွင့်ပြီး သွားယူလိုက်တာနဲ့ သမီးလေးမှာ ခြေနှစ်ဖက် ပါမလာတော့ဘူး။” လို့

ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာလကနေ စတင်ပြင်းထန်လာခဲ့တဲ့ စစ်ရေးပဋိပက္ခတွေအတွင်း မိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ် စတာတွေကြောင့် ထိခိုက်သေဆုံးနေရတဲ့ အရပ်သားတွေအတွက် တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA နှစ်ဖွဲ့စလုံးက တစ်ဘက်ကိုတစ်ဘက် ပြစ်တင်နေကြပေမဲ့ သူတို့ရဲ့လုပ်ရပ်အတွက် ဘယ်သူကမှ ဝန်ခံပြောဆိုတာ ဒီနေ့အထိ မရှိသေးပါဘူး။ နှစ်ဘက်တိုက်ခိုက်မှုတွေကြားမှာ လက်နက်မဲ့ ပြည်သူတွေဘက်ကတော့ အကာအကွယ်မဲ့နေကြဆဲပါ။

ဦးဝင်းနိုင် - မစန္ဒာအေးရဲ့ဖခင်
“သူတို့ဟာ သူတို့ တိုက်ခိုက်ကြတာမှာ ကျနော်တို့ပြည်သူတွေက ဘာမှမဆိုင်ဘဲ ခြေပြတ်၊ လက်ပြတ်ဖြစ်ကြရတယ်။ ဒါကို ကျနော်ကတော့ လုံးဝ မကျေနပ်ဘူး။ မိုင်းထောင်ချင်ရင်လည်း အဝေးမှာ သွားထောင်ကြပေါ့။ အခုက ရွာနဲ့ ၁၅ မိနစ်လောက်ပဲဝေးတယ်။ ရွာကနေ လှမ်းခေါ်လို့တောင် ကြားရတယ်။ ဒီလိုရွာနဲ့ နီးနီးလေးမှာ ထောင်ထားကြတာ

ခြေနှစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ မစန္ဒာအေးဟာ ဆေးရုံမှာ အချိန် နှစ်ပတ်လောက်ကြာအောင် ကုသမှုခံယူရပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့မှာ စစ်တွေဆေးရုံက ဆင်းခွင့်ရခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ မဦးအေးစိုးနဲ့ မစန္ဒာအေးတို့ နှစ်ဦးစလုံး စစ်တွေမြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံရင်း သူတို့ရဲ့ ဒဏ်ရာတွေအတွက် ဆေးဝါးကုသမှုကို ဆက်လက်ခံယူနေရပါတယ်။

နှစ်ဘက်တိုက်ခိုက်မှုတွေကြားထဲမှာ အညွန့်တလူလူရှိနေတဲ့ အပြစ်မဲ့လူငယ်တွေရဲ့ ဘဝတွေ ရိုက်ချိုး ဖျက်ဆီးခံလိုက်ရတဲ့ ဖြစ်ရပ်ဆိုးတွေအပေါ် မိဘတွေဘက်ကလည်း သူတို့ရဲ့အနာဂတ်အတွက် ရင်လေးနေကြရုံမှတစ်ပါး အခြားမတတ်နိုင်ပါဘူး။

ဦးမောင်စောဖြူ - မဦးအေးစိုးရဲ့ဖခင်
“ကျနော်တို့မရှိတော့ရင် သမီးလေးကို ဘယ်သူတွေက စောင့်ရှောက် ကြမလဲ ဆိုတာတွေးရင်း ကျနော် အိပ်လို့တောင် မရဘူး။ အောက်က ညီမနဲ့ မောင်တွေဆိုတာကလည်း အရွယ်ရောက်လို့ ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ဖြစ်သွားကြတဲ့အချိန်မှာ ကြည်ဖြူကြရင်လည်း အခြားသူတွေက ကြည်ဖြူနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လက်မှုပညာ တစ်ခုခုသင်ယူပြီးတော့ သူ့ဘဝသူ ထူထောင်သွား စေချင်တယ်။”

ဒေါ်နွယ်နွယ်စိုး - မဦးအေးစိုးရဲ့မိခင်
“သမီးလေးအတွက် အရင်တုန်းက မျှော်လင့်ချက်တွေ ရှိခဲ့တယ်။ ပညာတစ်ခုခုသင်ယူပြီး အလုပ်အကိုင်တွေနဲ့ မြင်ချင်ခဲ့တယ်။ အခုတော့ ဘယ်ရတော့မှာလဲ။ အနာဂတ်တွေပျောက်သွားပြီ။ သမီးလေးရဲ့ ဘဝဟာ သေဆုံး တာနဲ့ အတူတူဖြစ်သွားခဲ့ပြီ။”

မစန္ဒာအေးရဲ့ ဖခင် ဦးဝင်းနိုင်ကတော့ အတန်းပညာဆုံးခန်းတိုင် မသင်ခဲ့ရတဲ့ သမီးလေးအတွက် စက်ချုပ်ပညာ သင်ပေးဖို့ ရည်မှန်းချက်ထားခဲ့ပေမဲ့ အခုတော့ သမီးဖြစ်သူမှာ အပ်ချုပ်စက်နင်းမယ့် ခြေနှစ်ဘက်စလုံး မရှိတော့တာကြောင့် သမီးလေးရဲ့ အနာဂတ်အတွက် တွေးပူနေပါတယ်။

“ကျနော့်သမီးလေးဟာ မိဘဆင်းရဲလို့ လေးတန်းနဲ့တင် ကျောင်းထွက်ခဲ့ရပါတယ်။ ဒါပေမဲ့ စက်ချုပ်ပညာလို တခြားလက်မှုပညာတစ်ခုခု သင်ပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါတွေက အခုအချိန်မှာ မဖြစ်နိုင်တော့ ပါဘူး။ အပ်ချုပ်စက်နင်းမယ့် ခြေနှစ်ဘက်စလုံး မရှိတော့ဘူးဆိုတော့ ကျနော်တို့အနေနဲ့ ကြေကွဲရုံမှတစ်ပါး မတတ်နိုင်တော့ပါဘူး”

မိုင်းကြောင့် ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရတဲ့ မဦးအေးစိုးနဲ့ မစန္ဒာအေးတို့အတွက် အစစအရာရာ လိုအပ်ချက် တွေကို အကူအညီပေးခဲ့တာက စစ်တွေမြို့က စေတနာ့ဝန်ထမ်းတွေ စုစည်းထားတဲ့ စစ်ဘေးသင့်လူနာများ အကူအညီပေးရေး အုပ်စုက ဖြစ်ပါတယ်။

စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းမှာ ခိုလှုံရင်း ကျန်ရှိနေသေးတဲ့ ဒဏ်ရာတွေကိုပါ ဒီအုပ်စုက အကူအညီတွေ ဆက်လက်ပေးနေရဆဲပါ။

ဦးသန်းထွန်း - စစ်ဘေးဒဏ်သင့် လူနာများကူညီရေးအုပ်စု
“ခြေနှစ်ဖက်ပြတ်သွားတဲ့ မစန္ဒာအေးမှာ ခြေနှစ်ဘက်ပြတ်သွားတာက အနာကြောင့် ဆေးရုံက မဆင်းခင်ကပင် ကိုက်တာခဲတာတော့ ရှိတာပေါ့လေ။ ဆောင်းရာသီဝင်လာတော့ ချုပ်ရိုးတွေက ကိုက်တာတွေ ဘာတွေရှိတာကလွဲလို့ အခြားချို့ယွင်းချက်တော့ မရှိဘူး။ ခြေနှစ်ဘက်ကိုတော့ ဖြတ်ထားရတယ်ပေါ့လေ။ အဲလိုပဲ ဗုဒ္ဓေါက မဦးအေးစိုး ဆိုတာကလည်း ခြေတစ်ဖက်ဖြတ်ထားရတယ်။ ညာဘက်ပေါ့။ ဘယ်ဘက်ခြေထောက်လည်း မီးကျွမ်းသွားတဲ့ အနေအထား ကြောင့် အဲဒီခြေထောက်ကို ဆေးထည့်နေတာ အခုတော့ အသားရောင်က နည်းနည်းတက်လာပြီ။ ကျွန်တော် ထင်တယ် မဦးအေးစိုးရဲ့ ဘယ်ဘက်ခြေထောက်ကလည်း နောက်ထပ် တစ်ပတ်ဆယ်ရက်လောက် ဆိုရင်တော့ ပုံမှန်အနေအထား ပြန်ရောက်လာလိမ့်မယ်လို့ ထင်ပါတယ်”

RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာကနေ ၂ဝ၂ဝ နိုဝင်ဘာ ၂၀ ရက်နေ့အထိ မိုင်းကြောင့် သေဆုံးတဲ့ အရပ်သား ၃၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၇၈ ဦးရှိပါတယ်။

၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂ဝ၁၉ ဒီဇင်ဘာလကုန်အထိ သေဆုံးသူ ၈ ဦးနဲ့ ဒဏ်ရာရသူ ၂၅ ဦး ရှိခဲ့ပေမယ့် အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာ ၂ဝ ရက်နေ့အထိ သေဆုံးသူ ၂၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူပေါင်းက ၅၃ ဦးအထိရှိပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီကနေ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးဘဲ ကျန်ရှိနေတဲ့ စစ်လက်နက် ပစ္စည်းတွေပေါက်ကွဲမှုကြောင့် ကလေး ၅၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က နိုဝင်ဘာ ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သေဆုံးဒဏ်ရာရရှိသူ ၃၅ ရာခိုင်နှုန်းဟာ ကလေးတွေဖြစ်ကြောင်းနဲ့ အဲ့ဒီထိခိုက်ဒဏ်ရာရမှုတွေထဲမှာ ရခိုင် ပြည်နယ်က ၄၇ ရာခိုင်နှုန်းရှိတာကြောင့် အများဆုံးဖြစ်နေတယ်လို့ UNICEF က ပြောပါတယ်။

၂ဝ၂ဝ ဇန်နဝါရီကနေ ဇွန်လအတွင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ တိုက်ရိုက် အကျိုးဆက်ကြောင့် ကလေးငယ် ၄၃ ဦး သေဆုံးပြီး ၁ဝ၃ ဦး ကိုယ်လက်အင်္ဂါချို့ယွင်းခဲ့တယ်လို့ ဆိုပါတယ်။

၂ဝ၂ဝ ပြည့်နှစ်အတွင်း သေဆုံးဒဏ်ရာရသူ အရေအတွက်ဟာ ၂ဝ၁၈ နဲ့ ၂ဝ၁၉ ခုနှစ်တွေကထက် များစွာ ပိုနေများကြောင်း UNICEF က ထောက်ပြထားပါတယ်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့