ကလေးမီးဖွားတဲ့ မိခင် သေဆုံးမှုနှုန်း များပြားနေ

2019-10-11
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို မြင်ရစဉ်
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို မြင်ရစဉ်
Photo: AFP

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ မီးဖွားချိန်မိခင်သေဆုံးမှုနုန်း တတိယအများဆုံးဖြစ်နေတဲ့အပြင် အဲဒီအထဲမှာ ကိုယ်ဝန်ဖျက်ချတာ၊ ပျက်ကျတာကြောင့် သေဆုံးသူတွေလည်း ပါဝင်နေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဖျက်ချပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုတွေအတွက် ဆေးရုံ၊ ဆေးပေးခန်းတွေကို မဖြစ်မနေ လာရောက်ကုသဖို့ တိုက်တွန်းကြပါတယ်။

RFA သတင်းထောက် မဇာဏီထွဏ်း စုစည်းတင်ပြထားပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂက ၂၀၁၉ ခုနှစ်မှာ ခန့်မှန်းထုတ်ပြန်ထားတဲ့အချက်အရ မြန်မာနိုင်ငံမှာ ကလေးအရှင်မွေးဦးရေ တစ်သိန်းမှာ မိခင်သေဆုံးမှု  ၂၅၀ ရှိပြီး ကလေးသေဆုံးမှု ၆၀ ဝန်းကျင်ရှိတယ်လို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာန မိခင်နဲ့ မျိုးဆက်ပွားဌာနခွဲ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြင့်မိုရ်စိုးက ပြောပါတယ်။

မိခင်တွေ ကလေးမွေးရင်း သေဆုံးရတဲ့ အကြောင်းအရင်းတွေထဲမှာ မီးဖွားရင်း သွေးသွန်တာ၊ မွေးဖွားချိန်ကြာပြီး ခက်ခဲတာ၊ သားပျက်-သားလျောဖြစ်တာ၊ ကိုယ်ဝန်ဆိပ်တက်တာ၊ ပိုးဝင်တာတွေကြောင့် သေဆုံးတာတို့ ဖြစ်တယ်လို့ သိရပါတယ်။

မိခင်သေဆုံးတာ မြို့ကြီးတွေထက် နယ်မြို့ကဖြစ်တာ ပိုများတယ်လို့ ဒေါက်တာမြင့်မိုရ်စိုးက ပြောပါတယ်။

"မြို့ကြီးတွေထက်စာရင် ကျေးလက်တွေက ပိုပြီးဖြစ်တာများပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေကတော့ စောင့်ရှောက်မှုတော့ ပေးပါတယ်။ တကယ့်အရေးပေါ်ဖြစ်လာချိန်မှာ လူနာတွေကလည်း ကြိုတင်ပြင်ဆင်ထားတာ မရှိဘူး။ သွားတော့မယ်ဆိုမှာ အရေးပေါ်ပြင်ဆင်ဦး၊ ငွေရှာဦးဆိုတော့ နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်ကုန်ရော"

ကိုယ်ဝန်ဖျက်ချတာရဲ့ နောက်ခံအကြောင်းအရင်းတွေကတော့ အိမ်ထောင်ရေး အဆင်မပြေတာ၊ မိခင်ကိုယ်ဝန်ဆောင်ဖု့ိ အဆင်သင့်မဖြစ်သေးတာ၊ သားဆက်ခြားနည်းတွေ မသုံးစွဲတာတွေကြောင့် အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။

ရန်ကုန်တိုင်းမှာဆိုရင်လည်း ၂၀၁၈ ခုနှစ်မှာ မိခင်သေဆုံးသူ ၈၅ ယောက်ရှိပြီး အဲဒီအထဲမှာ ကိုယ်ဝန်ပျက်ကျနဲ့ ဖျက်ချတာကြောင့် သေဆုံးသူ ၂၇ ယောက်၊ ၂၀၁၉ ခုနှစ် နှစ်ဆန်းကနေ အောက်တိုဘာလအတွင်း နောက်ဆုံးရတဲ့ အချက်လက်အရ မိခင်သေဆုံးသူ ၇၅ ယောက်ရှိပြီး ကိုယ်ဝန်ပျက်ကျလို့ သေဆုံးတာ ၂၃ ယောက်လောက်ရှိတယ်လို့ တိုင်းကျန်းမာရေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာကျော်ဇင်ထွဋ်က ပြောပါတယ်။

ကိုယ်ဝန်ဖျက်ချတဲ့ မိခင်တွေအများစုဟာ ဆေးရုံ၊ ဆေးခန်းတွေလို ခေတ်မီမှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ဖျက်ချတာမဟုတ်ဘဲ အရပ်ထဲမှာ အဆင်ပြေသလို လုပ်နေကြတာတွေကြောင့် သေဆုံးတဲ့အထိ ဖြစ်နေရတယ်လို့လည်း သိရပါတယ်။

ဒါ့ကြောင့် ကိုယ်ဝန်ဖျက်ချလို့ ဘေးအန္တရာယ်ဖြစ်သွားရင်တောင်မှ ဆေးရုံကိုလာပြဖို့ ဒေါက်တာကျော်ဇင်ထွဋ်က ပြောပါတယ်။

"ကလေးမလိုချင်သေးရင် ခေတ်မီပြီး စိတ်ချရတဲ့ သားဆက်ခြားနည်းလမ်းကို သုံးပါ။ မသုံးမိလို့ ကိုယ်ဝန်ရလို့ ဖျက်ချလိုက်မိရင်လည်း မကြောက်မရွံ့ပဲ ဆေးရုံဆေးခန်းတွေကို အချိန်မီလာဖို့ တိုက်တွန်းချင်ပါတယ်။ ဒါဆိုရင် မလိုလားအပ်တဲ့ မိခင်သေဆုံးတာတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အရပ်ထဲမှာ တဆင့်စကား တဆင့်ကြားပြီးတော့ အချင်းချင်း သတင်းမှားတွေ ပေးပြီးတော့ ဆေးရုံဆေးခန်းတွေကို လာရမှာ ကြောက်နေကြတယ်"

မြန်မာနိုင်ငံမှာတော့ မလိုချင်တဲ့ ကိုယ်ဝန်တွေကို ဖျက်ချဖို့ ဥပဒေနဲ့ တရားဝင်ခွင့်ပြုထားတာတော့ မရှိပါဘူး။ ဒါ့ကြောင့် ဆေးရုံတွေမှာတော့ တရားဝင်ကိုယ်ဝန်ဖျက်ချလို့တော့ မရဘူးလို့  ဒီနေ့ ရန်ကုန်မြို့ သံလျင်မြို့မှာ ကမ္ဘာ့သားဆက်ခြားခြင်းဆိုင်ရာ အထိမ်းအမှတ်နေ့ကို ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ မိမိဘဝအတွက် မိမိကိုယ်တိုင် သားဆက်ခြားနည်းလမ်းတွေကို ရွေးချယ်သုံးစွဲစေခြင်းအတွက် ဦးတည်ခြင်း ဖြစ်ပါတယ်။

မိသားစုတွေမှာ ဘယ်ကာလမှာ ကလေးယူမယ်ဆိုတဲ့ မိသားစုစီမံကိန်းတွေ ရေးဆွဲထားမယ်ဆိုရင် မိခင်နဲ့ကလေး သေဆုံးတာတွေ လျော့ကျသွားနိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

"ဘယ်အချိန်မှာ ရယူလိုတယ်ဆိုတာကို ဆုံးဖြတ်တဲ့ မိသားစုစီမံကိန်းကို လက်လှမ်းမီရယူနိုင်ခဲ့ရင် မိခင်သေဆုံးမှုကို ၃၀ ရာခိုင်နုန်းအထိ လျှော့ချနိုင်သလို အသက် ၅ နှစ်အောက်ကလေး သေဆုံးမှုကို ၂၁ ရာခိုင်နုန်းအထိ လျှော့ချနိုင်ကြောင့် အထောက်ထားတွေမှာ တိတိကျကျဖော်ပြထားပါတယ်"

ဒီခေတ်မှာ အိမ်ထောင်သည်ဖြစ်ဖြစ်၊ အိမ်ထောင်မရှိသူပဲဖြစ်ဖြစ် သားဆက်ခြား သန္ဓေတားဆေးတွေ၊ နည်းလမ်းတွေ၊ သတင်းအချက်လက်တွေကို ရယူနိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

၂၀၁၅-၂၀၁၆ မှာ မျိုးပွားနိုင်တဲ့ အိမ်ထောင်ရှင်အမျိုးသမီး ၅၁ ရာခိုင်နုန်း၊ ၂၀၁၈ ခုနှစ်မှာ ၅၇ ရာခိုင်နုန်းဟာ သားဆက်ခြားနည်းလမ်းတွေ ဆေးဝါးတွေ၊ ဝန်ဆောင်မှုတွေကို ရရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မလိုချင်တဲ့ ကိုယ်ဝန်တွေ ဖြစ်မလာအောင် သားဆက်ခြားနည်းလမ်းတွေကို သုံးစွဲဖို့၊ ကိုယ်ဝန်ဖျက်ချပြီး ဆေးကုသဖို့ လိုအပ်လာရင်လည်း ဆေးရုံ၊ ဆေးခန်းတွေကိုသာ အရောက်လာကြဖို့ ပြောကြပါတယ်။

(RFA သတင်းထောက် မဇာဏီထွဏ်း စုစည်းတင်ပြသည်)

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့