မန္တလေးက ဖမ်းဆီးခံကျောင်းသားတွေလွတ်မြောက်ရေး

2019-01-23
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 

ကျောင်းသန့်ရှင်းရေးဝန်ထမ်းတိုးမြင့်ပေးဖို့နဲ့ ကျောင်းတွင်းလုံခြုံရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတာနဲ့ ပတ်သက်လို့ မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခွင့်ရဖို့ တက္ကသိုလ်ကျောင်းပေါင်းစုံက ကျောင်းသားတွေဟာ တိုင်းအစိုးရရုံးမှာ ဒီနေ့ သွားရောက်တောင်းဆိုခဲ့ကြပါတယ်။

RFA သတင်းထောက် မခေမဏီဝင်း ပေးပို့ထားတာကို မသက်စုအောင်က တင်ပြထားပါတယ်။

~~~~~~~~~~


မန္တလေးက ဖမ်းဆီးခံကျောင်းသားတွေလွတ်မြောက်ရေး

(ခေမဏီဝင်း၊ သက်စုအောင်)

■ ဖမ်းဆီးခံကျောင်းသား ၇ ဦးကို အမရပူရမြို့နယ် တရားရုံးမှာ ယနေ့ ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးမှုအပြီး မန္တလေးတိုင်း အစိုးရရုံးရှေ့ကို ကျောင်းသားတွေက အခုလိုလာရောက်တောင်းဆိုကြတာဖြစ်ပါတယ်။

လာရောက်တွေ့ဆုံခဲ့တဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေက တားမြစ်ခဲ့ပါတယ်။

တာဝန်ရှိသူ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခွင့် ခက်ခဲတာနဲ့ပတ်သက်လို့ မိတ္ထီလာ တက္ကသိုလ်က ကိုမင်းထက်မြတ်က အခုလိုပြောပါတယ်။

"ဝမ်းနည်းတယ်၊ ဝန်ကြီးနဲ့တွေ့ခွင့်ရချင်တယ်။ နှစ်ဘက်ပြေပြေလည်ပြောရမှာ၊ ၁၂ နာရီကတည်းက ရောက်တယ်။ ဝန်ကြီးချုပ်မရှိတာ ဘာလို့မပြောလဲ၊ ဝင်ခွင့်မပေးဘူး။ ဒီနေရာမှာ ထိုင်ခွင့်မပေးဘူး။ နှစ်ဘက်ရုံးရင်းဆန်ခတ်နဲ့ ရဲတားတယ်ဆိုတာက လုံးဝမဖြစ်သင့်တဲ့ အခြေအနေပဲ"

ကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတစ်လလုံး ကျောင်းတွင်းမှာ ဆန္ဒပြတာ၊ ကျောင်းပြင်ပမှာ ဆန္ဒပြတာ စတဲ့ နည်းလမ်းတွေနဲ့တောင်းဆိုခဲ့ကြပြီး မန္တလေးတိုင်း အစိုးရအဖွဲ့ တာဝန်ရှိသူနဲ့ ရတနာပုံ တက္ကသိုလ် ပါမောက္ခတို့ရဲ့ဓာတ်ပုံကို မီးရှို့ပြီး ဆန္ဒပြခဲ့ရာမှာတော့ ကျောင်းသားတွေဟာ ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုခံခဲ့ရပါတယ်။

အခုလို တရားစွဲဆိုမှုတွေနဲ့ ပတ်သတ်လို့ တရားရုံးကို ဘာမှပြန်ဖြေရှင်းမှာ မဟုတ်ဘူးလို့ တရားစွဲဆိုခံ ရတနာပုံတက္ကသိုလ် ကျောင်းသား ကိုရဲမျိုးဆွေက ပြောပါတယ်။

"တရားရုံးကို ဘာမှဖြေရှင်းမှာ မဟုတ်ဘူး။ သူ့ဘာသာ ဘယ်လောက်ပဲချချ ဘယ်လောက်ပဲစွဲစွဲ ပြန်ပြီးဖြေရှင်းမှာ မဟုတ်ဘူး"

ရတနာပုံတက္ကသိုလ်ကျောင်းသား ၇ ယောက်ဟာ မီးရှို့မှု၊ ငြိမ်းစုစီ ဥပဒေ၊ အားပေးအားမြောက်မှုနဲ့ အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးခံခဲ့ရပြီး အိုဘို အကျဉ်းထောင်အတွင်းကနေ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။

တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းမှာ ဆန္ဒထုတ်ဖော်လို့ တရားစွဲဆိုခံနေရတာနဲ့ ပတ်သတ်လို့ ကိုရဲမျိုးဆွေရဲ့ မိဘဖြစ်တဲ့ ဦးမြင့်ဆွေက အခုလိုပြောပါတယ်။

"ကျနော်အမြင်ကတော့ ကျောင်းသားတွေလုပ်တာ မှန်တယ်။ တောင်းဆိုချက်က တစ်ချီမဟုတ်ဘူး။ သုံးလေးလ တောင်းဆိုတာကို အကြောင်းပြန်တာမရှိဘူး။ အများအတွက်လုပ်တာ။ လုပ်သင့်ပါတယ်"

ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွတ်ပေးဖို့ အပါအဝင် ကျောင်းလုံခြုံရေးကိစ္စတွေကို မန္တလေးတိုင်း ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့အတွက် အစိုးရအဖွဲ့ရုံးရှေ့မှာ ဆက်လက်စောင့်ဆိုင်းပြီး တောင်းဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို တောင်းဆိုမှုကို ရတနာပုံတက္ကသိုလ်၊ မြင်းခြံတက္ကသိုလ်၊ ပြည်တက္ကသိုလ်၊ မိတ္ထီလာ တက္ကသိုလ်၊ စစ်ကိုင်းတက္ကသိုလ်နဲ့ လာရှိုး နည်းပညာတက္ကသိုလ်က ကျောင်းသားတွေလည်း ပါဝင်ပြီး ယနေ့ ညနေ ၄ နာရီခွဲအချိန်ထိ တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။

နောက်တစ်ပတ်ရုံးချိန်းကိုတော့ လာမယ့် ၃၀ ရက်နေ့ကို ချိန်းဆိုထားပါတယ်ရှင်။
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့