အားလျော့နေတဲ့ အမေရိကန်-မြန်မာဆက်ဆံရေး

2019-07-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

 


■ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အားပေးမှုတွေ နည်းပါးနေပြီး မြန်မာနဲ့အမေရိကန် ဆက်ဆံရေးအခြေအနေဟာလည်း အားလျော့လာနေတယ်လို့ ဝါရှင်တန် အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ Hunter Marston က ပြောလိုက်ပါတယ်။ မြန်မာအမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ပတ်သက်ပြီး Hunter Marston ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က တွေ့ဆုံမေးမြန်းထားပါတယ်။
~~~~~

RFA - “အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေမှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ အစိတ်အပိုင်းဟာ အလွန်သေးငယ်တဲ့ အစိတ်အပိုင်းပဲ ရှိတယ်လို့ ကျွမ်းကျင်သူ တချို့က ပြောကြပါတယ်။ အထူးသဖြင့် လက်ရှိ ထရမ့်အစိုးရလက်ထက်မှာ မြန်မာနိုင်ငံအပေါ် စိတ်ပါဝင်စားမှု ပိုလို့တောင်နည်းသွားတယ်လို့ သုံးသပ်ကြပါတယ်။ လက်ရှိ အခြေအနေမှာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိသလဲ။ အထူးသဖြင့် အင်အားကြီးထွားလာနေတဲ့ တရုတ်နိုင်ငံနဲ့ယှဉ်ရင် ဘယ်လိုအခြေအနေ ရှိတယ်လို့ ထင်ပါသလဲ”

Hunter Marston - “အရင် အိုဘားမားအစိုးရရဲ့ Pivot to Asia မူဝါဒမှာဆိုရင် မြန်မာကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ထည့်သွင်းထားပါတယ်။ အိုဘားမား အစိုးရဟာ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲတွေကို အမေရိကန် နိုင်ငံခြားရေး မူဝါဒအတွက် ကြီးမားတဲ့အောင်မြင်မှုအဖြစ် သတ်မှတ်ဖော်ပြခဲ့တာပါ။

“အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တာအတွက် အသိအမှတ်ပြု အားပေးထောက်ခံခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဒီအပြောင်းအလဲ အားလုံးရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် ပုံဖော်ခဲ့တာပါ။ လက်ရှိ ထရမ့်အစိုးရ လက်ထက်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေ ပျံ့နှံ့အောင် အလေးထားလုပ်ဆောင်မှု လျော့ကျသွားပါတယ်။

“ဒါပေမယ့် အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဆက်သွားနိုင်ဖို့ အားပေးထောက်ခံလိုစိတ် ရှိဆဲဖြစ်ပါတယ်။ လက်ရှိ ထရမ့်အစိုးရ ချမှတ်လိုက်တဲ့ Free and Open Indo-Pacific မဟာဗျူဟာဟာ ဒေသတွင်းနိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှု၊ လုံခြုံမှုနဲ့ အချုပ်အခြာအာဏာတည်တံ့မှု စတဲ့ အချက်တွေကို အခြေခံထားပါတယ်။

“အမေရိကန် နိုင်ငံအနေနဲ့ ပြည်ပအမှီအခို ကင်းကင်းနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး၊  အင်အားတောင့်တင်းတဲ့ မြန်မာနိုင်ငံကို မြင်လိုပါတယ်။ အထူးသဖြင့် လက်ရှိအချိန်မှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံမှာ သူ့ရဲ့ Belt and Road စီမံကိန်းတွေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အမြောက်အမြား လုပ်နေတဲ့အပြင်၊ နှောင်ကြိုးပါတဲ့ ချေးငွေတွေ အလုံးအရင်း ထုတ်ချေးပေးနေတဲ့အတွက်၊ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒ၊ ဒါမှမဟုတ် ပြည်တွင်းရေးရာတွေ အပေါ်မှာ ဝင်ရောက်ချယ်လှယ်နိုင်တဲ့ အခြေအနေ ဖြစ်လာတာ ရှောင်ရှားနိုင်ဖို့ရည်ရွယ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရပြီး၊ လက်ရှိအချိန်မှာ မြန်မာနဲ့အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးဟာ သိပ်မကောင်းတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အမေရိကန် နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ပြီး ထိတွေ့ဆက်ဆံတာဟာ အကောင်းဆုံးဖြစ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမယ့် ထိတွေ့ဆက်ဆံတဲ့ နေရာမှာ တရုတ်နိုင်ငံနဲ့ ယှဉ်ပြိုင်နိုင်လောက်တဲ့ အခြေအနေမရှိဘူး ဖြစ်နေတယ်လို့ သုံးသပ်ပါတယ်”

RFA - “အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက လူ့အခွင့်အရေး ကိစ္စတွေကို အလွန်အကျွံ ရှေ့တန်းတင်ပြီး ဖိအားပေးလွန်းတယ်လို့ မြန်မာပြည်သူ အများစုက မြင်နေကြပါတယ်။ အထူးသဖြင့် မြန်မာပြည်သူတွေရဲ့ ဘဝအခြေအနေ တိုးတက်လာအောင် ကူညီပေးဖို့ထက်၊ တရုတ်နိုင်ငံ အင်အားကြီးလာတာကို ထိန်းချုပ်နိုင်ဖို့ မြန်မာနိုင်ငံကို ကိုယ့်ဘက်ပါအောင် ဆွဲခေါ်ဖို့ ဦးစားပေးလုပ်နေတယ်လို့လည်း ယူဆနေကြပါတယ်။ မြန်မာ- အမေရိကန် ဆက်ဆံရေးအကြောင်း လေ့လာသူတစ်ဦးအနေနဲ့ အဲဒီလို ထင်မြင်ချက်တွေနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ”

Hunter Marston - “အမေရိကန် နိုင်ငံအနေနဲ့ နိုင်ငံတိုင်းရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖို့ ကြိုးစားလိမ့်မယ်လို့ ပုံသေကားကျ ယူဆတာ မမှန်ပါဘူး။ အမေရိကန် နိုင်ငံအနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားဖို့ အားပေးထောက်ခံခြင်းဟာ၊ နိုင်ငံတစ်နိုင်ငံ အေးချမ်းသာယာပြီး၊ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အသေချာဆုံးလမ်းကြောင်း ဖြစ်တယ်လို့ လေးလေးနက်နက် ယုံကြည်တာကြောင့် ခုလို လုပ်နေတာပါ။ တစ်ဘက်မှာလည်း အတိတ်ကို ပြန်ကြည့်ရင် ဂျပန်နိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့လိုမျိုး၊ အဲဒီနိုင်ငံတွေရဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ဘာမှမပြောတော့ဘဲ ထိတွေ့ဆက်ဆံမှုကိုပဲ လုပ်ခဲ့တဲ့ ပုံစံမျိုးလည်း ရှိခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ဆိုရင် အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ရင် တော်တော်လေး သည်းခံတဲ့ပုံစံသစ်နဲ့ ဆက်ဆံခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အဖွဲ့ဝင် Matt Pottinger မြန်မာနိုင်ငံ သွားရောက်စဉ်က ဆိုရင် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ တည်ငြိမ်ရေးအတွက် အမေရိကန်နိုင်ငံက ရင်းနှီးမြှုပ်နှံမယ့် အကြောင်းကိုပဲ အသားပေးပြီး ပြောသွားတာ တွေ့ရပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ရင် တော်တော်ကို ချင့်ချိန်နေပြီး၊  အရင်ကလောက် ဖိအားမပေးတော့ဘဲ ထိတွေ့ဆက်ဆံရေး အပိုင်းကို ပိုဦးစားပေး လုပ်လာတယ်လို့ သုံးသပ်ပါတယ်”

RFA - “ခင်ဗျား လေ့လာသုတေသနပြုခဲ့တဲ့ အကြောင်းအရာတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူမှုကွန်ယက်တွေပေါ်မှာ လုပ်ကြံဖန်တီးတဲ့ သတင်းတွေနဲ့ အမုန်းစကားတွေ ပျံ့နှံ့နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်ပါတယ်။ ဒီကိစ္စဟာ ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင် ပိုပြီး ပြင်းထန်လာမယ်လို့ ထင်ပါသလား။ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ရော လွတ်လပ်စွာ ရေးသားပြောဆိုခွင့်တွေကို မထိခိုက်ဘဲ ဆိုရှယ်မီဒီယာတွေကို ဘယ်လို ထိန်းကျောင်းပေးနိုင်မယ် ထင်ပါသလဲ”


Hunter Marston - “ဒါဟာ မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ကြီးမားလာတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ၂ဝ၂ဝ ရွေးကောက်ပွဲ မတိုင်ခင် ပိုမိုကြီးထွားလာမယ်လို့ ယူဆရပါတယ်။ ဒီလို လုပ်ကြံဖန်တီးထားတဲ့ သတင်းမှားတွေ ဖြန့်ချီတဲ့ ပြဿနာက နိုင်ငံတိုင်းလိုလိုမှာ ရှိပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ထူးခြားတာကတော့ မိုဘိုင်းဖုန်းတွေ အသုံးပြုမှုကို  အရင်က တင်းတင်းကြပ်ကြပ် ပိတ်ပင်ထားတဲ့ အခြေအနေကနေ၊ နေ့ချင်းညချင်း ပြောင်းလဲလိုက်တာကြောင့်ပါ။ ၂ဝ၁၇ ခုနှစ်မှာ မိုဘိုင်းဖုန်း အသုံးပြုမှုက ၉ဝ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။ ဖေ့စ်ဘွတ်သုံးသူ အရေအတွက်ကလည်း သုံးလေးဆလောက် တိုးလာပြီး၊ လူတော်တော်များများမှာ ဖေ့စ်ဘွတ်အကောင့် တစ်ခုထက်မက ရှိနေတာတွေ့ရပါတယ်။  သတင်းအချက်အလက်တွေ၊ ဆက်သွယ်ပြောဆိုမှုတွေဟာ ပေါက်ကွဲထွက်သလို တိုးလာတဲ့အခါမှာ လူတွေက ဘာကို ယုံကြည်ရမှန်း မသိဖြစ်လာပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာအရေးလို ကိစ္စရပ်တွေမှာ မြန်မာပြည်က လူတွေက နိုင်ငံတကာ သတင်းမီဒီယာတွေက ရေးသားဖော်ပြတာတွေကို မယုံကြည်ကြပါဘူး။ ဒါကြောင့် ပြည်တွင်းက မတူကွဲပြားတဲ့ ရေးသားဖော်ပြမှုပုံစံကို ရှာဖွေကြရင်းနဲ့ Facebook နဲ့ Whatsapp လို မီဒီယာတွေပေါ်က သတင်းမှားတွေကို ယုံကြည်လာကြတာပါ။ ၂ဝ၂ဝ ရွေးကောက်ပွဲ ကာလမှာ နိုင်ငံရေးပါတီ တချို့နဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တချို့ကို၊ အထူးသဖြင့် အမျိုးသမီး ကိုယ်စားလှယ်တွေကို ပစ်မှတ်ထားပြီး သတင်းမှားတွေ၊ အမှန်းစကားတွေ ထုတ်လွှင့်တာတွေ ဖြစ်လာဖို့ သေချာပါတယ်”

RFA - “Washington Post သတင်းစာအတွက် ခင်ဗျား နောက်ဆုံးရေးခဲ့တဲ့ ဆောင်းပါးမှာ... တစ်ချိန်တုန်းက ဒီမိုကရေစီ လှုပ်ရှားမှုအတွက် မျှော်လင့်ချက်လို့ တင်စားခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတော့ နောက်လာမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေအတွက် အတားအဆီး ဖြစ်နေပြီလို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ ဘယ်လို ဘယ်လို အကြောင်းပြချက်တွေကြောင့် ဒီလို သုံးသပ်ထားတာလဲ အကျယ်တဝင့် ပြောပြပေးပါလား။

Hunter Marston - “ကျွန်တော်ရေးထားတဲ့ ဆောင်းပါးမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် အခြေအနေတွေ ကျဆင်းနေတာကို အရင်ဆုံး ပြောထားပါတယ်။ ဒါ့အပြင် ကျဆင်းနေတဲ့အထဲမှာ လွတ်လပ်စွာ စုရုံးခွင့်၊ ဆန္ဒထုတ်ဖော်ခွင့် စတဲ့ အရပ်ဖက် လူ့အခွင့်အရေး အခြေအနေတွေပါ ပါဝင်ပါတယ်။

“ကျွန်တော် ထောက်ပြထားတာက ၂ဝ၁၃ ခုနှစ်မှာ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) စတင်ပြီး အသက်ဝင်လာကတည်းက သတင်းသမားတွေ၊ ဘလော့ဂါနဲ့ တက်ကြွလှုပ်ရှားသူတွေ ဒီဥပဒေနဲ့ တရားစွဲဆိုခံရတဲ့ အမှုအခင်း ၂ဝဝ ကျော် ရှိတဲ့အထဲက ၁၈ဝ ဟာ ၂ဝ၁၆ ခုနှစ်နောက်ပိုင်း NLD အစိုးရ လက်ထက်မှာ ဖြစ်ပွားခဲ့တာပါ။ ဒါကြောင့် NLD အစိုးရလက်ထက်မှာ တရားစွဲဆို အရေးယူခံရတဲ့ သတင်းသမား၊ ဘလော့ဂါနဲ့ တက်ကြွလှုပ်ရှားသူ အရေအတွက် တဟုန်ထိုး တိုးပွားလာတာ မြင်နိုင်ပါတယ်။

“ကျွန်တော့်ဆောင်းပါးမှာ တခြား စိုးရိမ်စရာကောင်းတဲ့ အခြေအနေ တချို့ကိုလည်း ထောက်ပြထားပါတယ်။ အထူးသဖြင့် နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီတွင်းမှာ ကျင့်သုံးနေတဲ့ အုပ်ချုပ်မှုပုံစံပါ။ သူဟာ နောက်မျိုးဆက် နိုင်ငံရေးခေါင်းဆောင်တွေ မွေးထုတ်ဖို့ ကြိုစားတာမျိုး မဟုတ်ဘဲ၊ ရှိပြီးသား လူကြီးပိုင်းတွေ ပိုပြီး အာဏာတည်မြဲအောင် လုပ်နေတာ ထင်ရှားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီဝင်တွေကို မလိုအပ်တဲ့ အပိုင်းတွေမှာ စည်းကမ်း တင်းကြပ်တာတွေ လုပ်ခဲ့ပါတယ်။ ပါတီခေါင်းဆောင်ပိုင်းကို ဝေဖန်လို့၊ ပါတီရဲ့မူဝါဒတွေ မလိုက်နာလို့၊ စာနယ်ဇင်း သမားတွေနဲ့ စကားပြောလို့၊ အတူတူမဲမပေးလို့... စတဲ့ အကြောင်းပြချက်တွေနဲက ပါတီဝင် ဥပဒေပြု အမတ်အချို့ကို အရေးယူတာတွေ ရှိခဲ့ပါတယ်။ NLD ပါတီဟာ အစိုးရဖွဲ့ပြီး နိုင်ငံကို စီမံ အုပ်ချုပ်တဲ့နေရာမှာလည်း ချုပ်ကိုင်တဲ့ ပုံစံနဲ့ လုပ်နေတာ တွေ့ရပါတယ်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ပြည်နယ်-တိုင်းအစိုးရတွေ ဖွဲ့စည်းတဲ့နေရာမှာ၊ သက်ဆိုင်ရာဒေသက တိုင်းရင်းသားပါတီတွေ အနိုင်ရတဲ့ နေရာတွေမှာ ဒေသခံပြည်သူတွေ ထောက်ခံမှု ရှိမရှိကို မကြည့်ဘဲ၊ သူ့ပါတီက လူတွေကိုပဲ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင် သူ့အနေနဲ့ အားလုံးကို ဗဟိုကနေ ချုပ်ကိုင်ထားပြီး အုပ်ချုပ်ချင်တဲ့ သဘောရှိတယ်လို့ သုံးသပ်ပါတယ်”

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့