ကျောက်စိမ်းတွင်းပြဿနာ Global Witness နဲ့ မေးမြန်းချက်

2020-07-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

တရုတ် - မြန်မာနယ်စပ် မှောင်ခိုဈေးကွက်ထဲ ရောက်သွားတဲ့ ဘီလီယံချီ ဖားကန့်ကျောက်စိမ်းတွေ၊ အကျင့်ပျက် ခြစားမှုတွေ၊ လူရာချီသေစေခဲ့တဲ့ ဖားကန့်မိုင်းတွင်း မြေပြိုမှုနဲ့ တာဝန်ခံမှုကင်းမဲ့တဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ ထောက်အကူပြုမယ့် နည်းလမ်းတွေ အကြောင်းကို Global Witness အဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စည်းရုံးရေးတာဝန်ခံ Hanna Hindstrom နဲ့ RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

Global Witness အဖွဲ့ဟာ ကျောက်စိမ်းထုတ်လုပ်ရေးနဲ့ ကျောက်စိမ်းမှောင်ခိုလုပ်ငန်းတွေကနေ တပ်မတော်နဲ့ လက်နက်ကိုင်တွေ အကျိုးအမြတ်ရရှိပုံကို "နိုင်ငံတော် လျှို့ဝှက်မှုကြီး" လို့ လူသိများတဲ့ အစီရင်ခံစာကို ၂၀၁၅ တုန်းက ထုတ်ဝေခဲ့ပါတယ်။

RFA - လူ ၁၇၀ ကျော် သေတဲ့ ဖားကန့် မြေပြိုမှုကို အစိုးရက ရေမဆေးတွေ လောဘကြောင့် သေတယ်ဆိုပြီးတော့ ပြောတာတွေ့ရတယ်။ ဒီလို လူအမြောက်အမြား သေဆုံးမှုမှာ ဘယ်သူတွေမှာ တာဝန်ရှိတယ်လို့ မြင်ပါသလဲ ခင်ဗျာ။

Hanna – အစိုးရဖက်က ရေမဆေးသမားတွေ သေဆုံးတာနဲ့ပတ်သတ်ပြီး တားမြစ်ထားတဲ့ ကျောက်မျက် လုပ်ငန်းတွေထဲ ဝင်ရောက်ကြလို့ သေဆုံးရတယ်ဆိုပြီး  ပြစ်တင်ပြောဆိုတဲ့ မှတ်ချက်တွေကိုကြားရတာ တကယ်စိတ်မကောင်းစရာပါပဲ။ ဒီလိုဖြစ်ရပ်တွေ မကြုံရအောင် တကယ်တမ်း ထိန်းကျောင်းပေးရမှာက ကျောက်မျက်လုပ်ငန်းတွေကို ကြီးကြပ်ပေးရတဲ့ (regulatory) အဖွဲ့မှာ တာဝန်ရှိပါတယ်။ အဲဒီအဖွဲ့ဆိုတာ ကလည်း အစိုးရက ဖွဲ့စည်းပေးထားတာပါ။ နောက်ပြီး တိုက်ရိုက်တာဝန်ရှိတဲ့ အဖွဲ့ကတော့ ကျောက်မျက်တူး ဖော်တဲ့ လုပ်ငန်းကြီးတွေပါ။ အဲဒီလုပ်ငန်းတွေက သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးအောင် တူးဖော်ရမယ့် နည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ အဲဒါတွေကို လိုက်နာကျင့်သုံးမှု အားနည်းတဲ့အခါ မိုင်းတွင်းမှာ မြေပြိုမှုတွေ ဖြစ်ပေါ်လာပါတယ်။

RFA - ဟုတ်ကဲ့.. အနာဂတ်မှာ ဒီလိုဖြစ်ရပ်ဆိုးတွေ ထပ်မကြုံရအောင် အစိုးရက ဘယ်လိုဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။

Hanna - ဒါနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် နည်းလမ်းအသွယ်သွယ်ရှိပါတယ်။ ဥပမာ တကယ်ထိရောက်တဲ့ ကျောက်မျက်ဥပဒေတစ်ရပ် ပေါ်ထွက်အောင် ဆောင်ရွက်တဲ့အပိုင်းပေါ့။ တကယ်တော့ အဲဒီဥပဒေကလည်း ပြဌာန်းပြီးသားပါ။ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ပဲ လိုအပ်နေတာပါ။ ကုမ္ပဏီတွေက ကျောက် မျက်ဥပဒေကို ချိုးဖောက်တာတွေ၊ ဒါမှမဟုတ် လူမှုသဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုလျော့ကျရေးအတွက် လိုက်နာကျင့်သုံးရမယ့်နည်းလမ်းတွေကို မလိုက်နာတာမျိုးတွေ လုပ်ရင်ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်သင့်ပါတယ်။ ဥပမာ လုပ်ငန်းလိုင်စင်ကို အပြီးပိုင် ရုပ်သိမ်းလိုက်တာမျိုးတွေ အပါအဝင်ပေါ့။ နောက်ပြီး အစိုးရဖက်က တကယ်အားသွန်ခွန်စိုက် ဒီပြဿနာတွေကို ဖြေရှင်းဖို့ကလည်း အင်မတန်အရေးကြီးပါတယ်။ ဘာလို့လဲဆို အဲဒီဒေသမှာ ကျောက်မျက်တူးဖော်နေကြတဲ့ အကြီးစားလုပ်ငန်းတွေထဲမှာ တပ်မတော်ပိုင် လုပ်ငန်းတွေ၊ လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေလည်း ရှိနေတာကြောင့်ပါ။ အဲဒီလုပ်ငန်းတွေကနေရရှိတဲ့ အကျိုးအမြတ်တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအတွက်ပါ သုံးစွဲတာ တွေ့ရသလို စည်းကမ်းဖောက်ဖျက်ပြီး တူးဖော်ကြတဲ့ လုပ်ငန်းတွေကြောင့်လည်း ဆိုးရွားတဲ့ မြေပြိုမှုတွေဖြစ်ပေါ်နေတာကိုလည်း တွေ့ရပါတယ်။

RFA - ဒီမှာ တချို့က ဝေဖန်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရက အာဏာရှင်ဟောင်း ဦးသန်းရွှေ မိသားစုတို့ရဲ့ ကျောက်မျက်လုပ်ငန်းနဲ့ တပ်မတော်ပိုင်လုပ်ငန်းတွေကို ထိရောက်တဲ့ ကိုင်တွယ်ဖြေရှင်းမှု အားနည်းတယ် စသဖြင့်ပေါ့။ ဒီအမြင်ကို ဘယ်လိုသဘောရပါသလဲဗျ။

Hanna -  ဒါက တကယ့်မေးခွန်းကောင်းပါပဲ။ ပြီးတော့ ဒီမေးခွန်းကို အစိုးရကိုမေးဖို့လည်း အရေးကြီးပါတယ်။ ဘာလို့လဲဆို ကျမတို့က ခန့်မှန်းခြေကိုပဲ ပြောပြနိုင်တာကြောင့်ပါ။ NLD အစိုးရဖြစ်လာကတည်းက အင်မတန်အားကောင်းတဲ့ တပ်မတော်နဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို ကိုင်တွယ်ဖြေရှင်းမှု အားနည်းတာကို အထင်းသားမြင်ရတာတော့ အတော်ကြာပါပြီ။ တကယ်လို့ အစိုးရက ကျောက်မျက်ကဏ္ဍ တစ်ခုလုံး ပြုပြင်ပြောင်းလဲရေးကို အားသန်တယ်ဆိုရင် ဒါက တကယ့်ကိုပြောင်းလဲဖို့လိုအပ်နေတဲ့ အချက် တစ်ခုဖြစ်ပါတယ်။

RFA - Global Witness ရဲ့ အစီရင်ခံစာအရပေါ့လေ ၂၀၁၄ တစ်ခုတည်းမှာတင် ကျောက်မျက်ကနေ ၃၁ ဘီလီယံကျော်ရခဲ့တယ်ပေါ့။ လက်တွေ့မှာ ကချင်ပြည်နယ်လည်း တိုးတက်လာတာ မတွေ့ရဘူး။ အဲဒီရဲ့ငွေအများစုက ဘယ်ကိုရောက်သွားတယ်လို့ ယူဆပါသလဲ။

Hanna -  ကျောက်မျက်ကနေရတဲ့ငွေတွေ ဘယ်ကိုရောက်သွားသလဲဆိုတာကို ကျမတို့ တိတိကျကျ ပြော နိုင်ဖို့ခက်ပါတယ်။ တရားမဝင်နည်းနဲ့ လုပ်ကိုင်ကြလို့ ဘဏ္ဍငွေတွေ ဒီအတိုင်း မှောင်ခိုဈေးကွက်ထဲမှာပဲ အစပျောက်သွားတာရှိပါတယ်။ အဲဒီထဲက ပဏာမအတိုင်းအတာတစ်ခုအထိ လက်နက်ကိုင်ထားကြတဲ့ အုပ်စုတွေကို ငွေကြေးထောက်ပံ့တာမျိုးလည်း တွေ့ရသလို၊ တရုတ်ကို နယ်စပ်ကနေတဆင့် မှောင်ခိုတင် သွင်းပြီးတော့ အခွန်ရှောင်ကြတာလည်း တွေ့ရပါတယ်။ အစိုးရအခွန်ကိုရှောင်ပြီးတော့ ပုဂလိက ကုမ္ပဏီတွေက အကျိုးအမြတ်ရသွားကြတာလည်း ရှိပါတယ်။ ပွဲစား၊ ကြားခံလူ၊ စသဖြင့် အဆင့်ဆင့်ငွေတွေ စိမ့်ဝင်ပျောက်သွားတာလည်း တွေ့ရပါတယ်။

RFA - ဘာကြောင့် တရုတ်-မြန်မာနယ်စပ်က ကျောက်မျက်မှောင်ခိုဈေးကွက်ကြီးကို တိုက်ဖျက်ဖို့ ဒီလောက်ထိ ခက်ခဲနေရတယ်လို့ မြင်ပါသလဲ။ နောက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအစိုးရသဘောတူညီမှုရယူပြီး ဆောင်ရွက် ရင်ရော လျှော့ချနိုင်မယ်လို့ ထင်ပါလားဗျ။

Hanna -  တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ တရားမဝင် ကျောက်မျက်ရောင်းဝယ်ရေးကို တိုက်ဖျက်ရေးဖို့ အခက်တွေ့စေတဲ့အချက်တွေ အများကြီးရှိပါတယ်။ ဒီထဲမှာ တိုက်ရိုက် ပါဝင်ပတ်သတ်နေတဲ့ လက်နက်ကိုင်အုပ်စုတွေ၊ တပ်မတော်နဲ့ ဆက်စပ်နေတဲ့အုပ်စုတွေက ဖားကန့်ကနေ တရုတ်နယ်စပ်ကို တင်ပို့ရာမှာ အသုံးပြုကြတဲ့ အဓိက မှောင်ခိုလမ်းကြောင်းတွေကို ထိန်းချုပ်ထားတာမျိုးရှိပါတယ်။ နောက်ပြီး တော့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့နေရာတွေမှာ အဂတိလိုက်စားမှုတွေ သိသိသာသာရှိနေတာကလည်း အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင် မြန်မာက တရားဝင် နည်းလမ်းနဲ့ ရောင်းချတဲ့ ကျောက်မျက်တွေကို အခွန်အတုတ် ကြီးကြီးမားမားကောက်ခံတဲ့ သမိုင်းကြောင်း လည်းရှိပါတယ်။ အဲဒီအခါကျတော့ ကုမ္ပဏီတွေအတွက်လည်း  မှောင်ခိုရောင်းမှ ပိုပြီးတော့ အမြတ်အစွန်း တွက်ချေကိုက်တဲ့သဘော ဖြစ်လာတယ်။ အဲဒီတော့ အစိုးရက ရောင်းချခိုင်းတဲ့ နေပြည်တော်က တရားဝင် ကျောက်မျက်ပြပွဲတွေမှာ ရောင်းချမယ့်အစား နယ်စပ်မှာထိန်းချုပ်ထားတဲ့ လက်နက်ကိုင်ထားကြတဲ့သူတွေကို လာဘ်ပေးပြီးတော့  တရုတ်မှောင်ခို ဈေးကွက်မှာ သွားရောင်းချကြတယ်။ ကျောက်မျက်ကဏ္ဍရဲ့ ပြဿနာကို အမြစ်ပြတ်ဖြေရှင်းနိုင်မယ့် နည်းလမ်းရယ်လို့တော့ ကျမ မတွေ့မိပါဘူး။ သေချာတာ တစ်ခုကတော့  ပြည်တွင်းကျောက်မျက်လုပ်ငန်း တစ်ခုလုံးကို အဆင့်မြင့်တာကတော့ ထိရောက်တဲ့နည်းတစ်ခုဖြစ်မယ်လို့ မြင်ပါတယ်။ ပြည်တွင်းမှာ ကုန်ချောထုတ်နိုင်အောင် အဆင့်မြှင့်တင်တဲ့နည်းက တိုင်းပြည် ဘဏ္ဍာငွေ ပိုပြီးရလာအောင်လုပ်ရာမှာ အထောက်အကူဖြစ်မှာပါ။ ပြီးတော့ ကျမ သေချာပြောနိုင်တာက တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရ အတူလက်တွဲပြီးတော့ ဖြေရှင်းသင့်တယ်ဆိုတဲ့ အယူအဆကလည်း အရေးကြီးတဲ့အချက်တစ်ခု အဖြစ် ထည့်သွင်းစဉ်းစားရမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်က မြန်မာ့ကျောက်မျက်ရဲ့ အကြီးဆုံး ဈေးကွက်ဖြစ်သလို၊ ထုတ်လုပ်ရောင်း ချမှုလုပ်ငန်းစဉ်တစ်ခုလုံးအတွက်လည်း ဖြစ်ပေါ်တိုးတက်မှု ရနိုင်ပြီးတော့ တရားမဝင် နယ်စပ်ဖြတ်ကျော် ကျောက်မြတ်ရောင်းချမှု တိုက်ဖျက်ရာမှာလည်းအရေးပါမှာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့